ဖားကန့် ကေအိုင်အေသိမ်း တပ်စခန်းနေရာကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ခြေမြန်တပ်မ ၃၃ က နိုဝင်ဘာ ၁၄ ရက်နေ့ မနက် ၈ နာရီဝန်းကျင်ကစပြီး တပ်မကုန်းပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဖားကန့်မြို့ခံတွေက ပြောပါတယ်။
ဖားကန့်မြို့ ငှက်ပျောရပ်ကွက်နေထိုင်သူတဦးက "မနက်က ၈ နာရီကျော်လောက် ကစပြီး လက်နက်ကြီးသံ နှစ်ချက်ကြားရတယ်။ နောက် ၉ နာရီခွဲလောက်အထိ ပစ်နေတာ ၆ ချက် ၇ ချက်လောက်ရှိပြီ" လို့ ပြောပါတယ်။
ကချင်ပြည်နယ်အတွင်းက ဖားကန့်မြို့နယ်မှာ အခြေချထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်စခန်း ၃ ခုအား နိုဝင်ဘာ ၁၃ ရက်နေ့ညပိုင်း တစ်ချိန်တည်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် အခုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ သိရပါတယ်။
ကေအိုင် အရာရှိ တစ်ဦးက "ကေအိုင်အေ တပ်မဟာ(၉) လက်အောက်ခံတပ်ဖွဲ့ဝင်တွေက ဖားကန့်မှာ အခြေချထားတဲ့ အာဏာသိမ်းစစ်ကောင်စီ တပ်စခန်းများဖြစ်တဲ့ နမ့်ဂျန် ၊ ဆိုင်းရာ နဲ့ အောင်လဲန့် စတဲ့ တပ်စခန်းများကို တစ်ချိန်းတည်းမှာ သွားရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တယ်။ တိုက်ပွဲအတွင်း အကျဆုံးစာရင်းတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
အဆိုပါ စခန်းတွေဟာ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တပ်မဟာ ၉ လက်အောက်ခံ တပ်ရင်း ၆ နယ်မြေအတွင်းမှာရှိတဲ့ ကေအိုင်အေရဲ့ စခန်းဟောင်းတွေဖြစ်တယ်လို့လည်း သိရပါတယ်။
နိုဝင်ဘာ ၁၄ ရက်နေ့၊ ဒီမနက်ပိုင်း ၉ နာရီဝန်းကျင်မှာလည်း ကေအိုင်အေက သိမ်းပိုက်ထားတဲ့ နေရာတွေကို အာဏာသိမ်းစစ်ကောင်စီဘက်က ရဟတ်ယာဉ် ၂ စီးနဲ့ ဗုံးကြဲသွားတယ်လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။
ဖားကန့်ရတနာနယ်မြေမှာ ခုလိုလက်နက်ကြီးသံတွေကြားနေရပေမဲ့ စက်ယန္တရားတွေ အမြောက်အမြားနဲ့ ကျောက်စိမ်းတူးဖော်မှုတွေကတော့ ပုံမှန်လုပ်ဆောင်နေတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံ ကချင်တိုင်းရင်းသားတစ်ယောက်က DVB ကို ပြောပါတယ်။
"လက်နက်ကြီးသံကြားလည်း ဖားကန့်လူတွေက ဂရုမစိုက်တော့ဘူး၊ သူအလုပ်ကိုယ့်အလုပ် လုပ်နေတာကြည့်ပါ့လား" လို့ ပြောတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ် နေရာအနှံ့အပြားမှာ ကေအိုင်အေနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေကာ ဖားကန့်မြို့နယ်မှာလည်း စက်တင်ဘာကတည်းက စပြီး အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတယ်လို့ သိရပါတယ်။
ဖားကန့်မြို့နယ်မှာ ဒီနေ့မနက်ပိုင်းကလည်း ပြည်သူတွေက ကေအိုင်အေ၊ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရအား ထောက်ခံဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြပါတယ်။
ဖားကန့်ပြည်သူတွေက “ကေအိုင်အေ နဲ့ ပီဒီအက်ဖ် တိုက်ပွဲတိုင်းမာနိုင်ပါစေ၊ အမျိုးသားညီညွတ်ရေးအစိုးရ တို့အစိုးရ၊ အကြမ်းဖက် ဖက်ဆစ် စစ်တပ် လုံးဝအုပ်ချုပ်ခွင့် မရစေရ၊ နွေဦးတော်လှန်ရေး အရေးတော်ပုံ အောင်ကိုအောင်ရမည် စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။