ဆူဒန်အုပ်ချုပ်ရေးကောင်စီသစ်ကို လူထောင်သောင်းချီ ဆန္ဒပြ

ဆူဒန်နိုင်ငံမှာ အုပ်ချုပ်ရေးကောင်စီသစ်ဖွဲ့စည်းပြီးနောက် နိုဝင်ဘာ ၁၃ ရက်က မြို့တော် ခါတွန်မ်နဲ့ တခြားမြို့ အများအပြားက ထောင်သောင်းချီတဲ့ ပြည်သူတွေဟာ လမ်းတွေပေါ် ဆန္ဒပြခဲ့ကြပါတယ်။
၂၀၁၉ ကတည်းက စစ်တပ်နဲ့အတူ အာဏာခွဲဝေ ရယူထားတဲ့ အရပ်သားညွန့်ပေါင်းတွေမပါဘဲ အုပ်ချုပ်ရေးကောင်စီသစ်ကို ဖွဲ့စည်းပြီးကြောင်း စစ်တပ်အကြီးအကဲ အဘ်ဒယ် ဖာတာ အယ်လ် ဘာဟန်က ကြေညာအပြီး ၂ ရက်အကြာမှာ ခုလိုဆန္ဒပြခဲ့ကြတာပါ။
မွန်းလွဲအစောပိုင်းမှာ ဆန္ဒပြသူတွေ စတင်စုရုံးလာအပြီး ချက်ချင်းဆိုသလို ဆန္ဒပြသူတွေကို လုံခြုံရေးတပ်တွေက လူစုခွဲခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အချက်အခြာ ဆုံမှတ်တွေဆီကို ဆန္ဒပြသူတွေ မရောက်အောင် လမ်းဘေးကို မောင်းချပြီး မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ဆန္ဒပြပွဲတွေနဲ့ အရပ်ဘက်အာခံရေး လှုပ်ရှားမှုတွေကို နှိမ်နင်းဖို့ အာဏာပိုင်တွေက ပိုတိုးအားထုတ်လာမယ့် အရိပ်လက္ခဏာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းမှုကို နိုဝင်ဘာ ၁၃ ရက်နေ့က ဆန့်ကျင်တဲ့ မြို့တော် ခါတွန်မ်နဲ့ တခြားမြို့တွေက ဆန္ဒပြသူတွေကိုလည်း လုံခြုံရေးတွေက သေနတ်တွေ မျက်ရည်ယို ဓာတ်ငွေ့တွေနဲ့ ပစ်ခတ်တာကြောင့် ၅ ယောက် သေဆုံးခဲ့တယ်လို့ မျက်မြင်သက်သေတွေနဲ့ ဆေးဘက် ဝန်ထမ်းတွေက ပြောပါတယ်။
ဆန္ဒပြသူအများစုက နေဝင်ချိန်မှာ လူစုခွဲခဲ့ပေမဲ့ လုံခြုံရေးတပ်တွေက ဆန္ဒပြသူတချို့ကို ဖမ်းပြီး အရန်အတားတွေကို ဖယ်ရှားခဲ့သလို မျက်ရည်ယို ဓာတ်ငွေ့တွေနဲ့ သေနတ်နဲ့ပစ်ခတ်သံတွေ ည ၈နာရီထိ ဆက်ကြားနေရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။