ကိုဗစ်ကြောင့် ၂၀ ၂၁ ခုနှစ်တွင် အလုပ်အကိုင်ပေါင်း ၁၂၅ သန်း ဆုံးရှုံးဟု ILO ထုတ်ပြန်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် ၂၀၂၁ မှာ အလုပ်နာရီ ဆုံးရှုံးမှုဟာ အချိန်ပြည့် အလုပ်အကိုင်ပေါင်း ၁၂၅ သန်းနဲ့ ညီမျှတယ်လို့ နိုင်ငံတကာအလုပ်သမားအဖွဲ့ ILO က အောက်တိုဘာ ၂၇ ရက်မှာ ပြောပါတယ်။
ဒီနှစ်ထဲမှာ မျှော်မှန်းထားသလောက် ကမ္ဘာ့လုပ်သားစျေးကွက် ပြန်နားလန်ထူမှာ မဟုတ်တဲ့ လက္ခဏာလို့လည်း ပြောလိုက်ပါတယ်။
ဇွန်က ILO ရဲ့ နောက်ဆုံးအစီရင်ခံစာထဲမှာ ဟောကိန်းထုတ်ထားတာထက် အလုပ်အကိုင် ဆုံးရှုံးမှုပေါင်း ၂၅ သန်း ပိုများနေတာပါ။
ပိုဆင်းရဲတဲ့ နိုင်ငံတွေနဲ့ ပိုချမ်းသာတဲ့ နိုင်ငံတွေကြား ကာကွယ်ဆေး ထိုးနိုင်စွမ်း ကွာဟချက်က လည်း လုပ်သားအင်အား ဆုံးရှုံးမှုအပေါ် သက်ရောက်နေပါတယ်။
ချမ်းသာတဲ့ နိုင်ငံတွေမှာ အလုပ်အကိုင် လျော့ကျနှုန်းက ၃ ဒသမ ၆ ရာခိုင်နှုန်းအောက် လျော့နည်းနေချိန်မှာ ပိုဆင်းရဲတဲ့ နိုင်ငံတွေမှာ အလုပ်အကိုင် ဆုံးရှုံးမှု ၅ ဒသမ ၇ ရာခိုင်နှုန်း ရှိနေတယ်လို့ ILO ရဲ့ ညွှန်ချုပ် ဂိုင်းရိုက်ဒါက ပြောပါတယ်။
ဝင်ငွေပို မြင့်တဲ့ နိုင်ငံတွေမှာ အရင်းအမြစ် ပိုများလို့ ၂၀၂၁ မှာ ပြန်နာလန်ထူအောင် လုပ်ခဲ့ကြသလို တချိန်တည်းမှာ ဝင်ငွေနိမ့်တဲ့ နိုင်ငံတွေဟာ ကပ်ဘေးကြောင့် ပိုပြီး ဆိုးဆိုးရွားရွား ဆက်ခံစားကြ ရတယ်လို့ သူက ဆက်ပြောပါတယ်။
နိုင်ငံတနိုင်ငံချင်းမှာ အလုပ်အကိုင်ကို အဓိပ္ပာယ် ဖွင့်ဆိုပုံ မတူခြားနာတာကြောင့် ကမ္ဘာလုံးဆိုင်ရာ အလုပ်သမား စျေးကွက်အပေါ် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါရဲ့ သက်ရောက်မှုကို နှိုင်းယှဉ်ဖို့ အလုပ်လက်မဲ့နှုန်းအစား ILO ဟာ အလုပ်ချိန် နာရီကို သုံးပြီး တွက်ချက်ခဲ့တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။