close

ပုလဲမြို့တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွား၊ စစ်ကောင်စီတပ်ကို အရာတော် ARA က မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ နိုဝင်ဘာ ၁၅ ရက်က စစ်ကောင်စီတပ်နဲ့ ပုလဲပြည်သူ့ ကာကွယ်ရေးတပ်တို့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး အရာတော်မြို့နယ်မှာလည်း စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက  ပြောပါတယ်။

ပုလဲမြို့နယ်မှာ ဒီနေ့မနက် ၉ နာရီနဲ့ မွန်းတည့် ၁၂ နာရီတို့မှာ ကျောက်သလင်းတောင်အဆင်း မြစ်ကျတံတားနားနဲ့ ကျောက်ပုံကွေ့နားမှာ တိုက်ဖြစ်ပွားခဲ့တာလို့ ပုလဲပြည်သူကာကွယ်ရေးအဖွဲ့ ဗိုလ်နဂါးက ပြောပါတယ်။

“ကျနော်တို့ မိုင်းထောင်တာကို လာရှင်းတဲ့အချိန်  မနက် ၉ နာရီလောက်ပေါ့ မိုင်းခွဲလိုက်တာ။ ပစ်ခတ်တာတော့ ခဏပါပဲ။ ကျနော်တို့ဘက်က အကျအဆုံး မရှိခဲ့ဘူး။ နောက် တကြိမ်က နေလယ် ၁၂ နာရီလောက် ကျောက်ပုံကွေ့မှာ ထပ်ဖြစ်တယ်။ ဒေသကျွမ်းကျင်တာကို အသုံချခဲ့တာကြောင့် အကျဆုံးမရှိဘူး။ သူတိုဘက်ကတော့ အကျဆုံးများ လိမ့်မယ်။  အတိကျတော့ မပြောနိုင်သေးဘူး။” 

ပုလဲမြို့နယ်ကို ထိန်းချုပ်နိုင်ဖို့အတွက်  နိုဝင်ဘာ ၁၅ ရက်မှာ  စစ်ကောင်စီဘက်က သံချပ်ကာ ကား ၃ စီး၊ စစ်ကားအကြီးအစီး ၄၀ လောက်နဲ့ ပုံတောင်ပုံညာဘက်ကနေ  အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

အရာတော်မြို့နယ်မှာလည်း အိုင်လျားရွာနဲ့နောင်ကြီးအိုင်မြောက်ပိုင်းကို မွှေနှောက် ဖျက်ဆီး ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၁၅ ရက် နေ့လယ်ပိုင်းက နောင်ကြီးအိုင်ရဲစခန်း အဝင်ဝမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ အရာတော်မြို့နယ်တော်လှန်ရေးအင်အားစု (ARA) ပြန်ကြားရေးက ပြောပါတယ်။

“နောင်ကြီးအိုင်မြောက်ပိုင်းက အရင်နေ့က ဖမ်းခံရတဲ့ အိမ်တွေကို ထပ်မွှေပြီး ပြန်လာတဲ့ စစ်ကောင်စီ တပ်စိတ်ပါ။ ရဲစခန်းအဝင်မှာ စောင့်ပြီး ဆွဲလိုက်တာ ၇ ယောက်လောက် အမိအရထိ ပါတယ်။ သေဆုံးတော့ အတိအကျ မသိရသေးဘူး” 

အခုလို ရဲစခန်းရှေ့ထိ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နောင်ကြီးအိုင်လမ်းမပေါ်မှာ ဖမ်းဆီးစစ်ဆေး တာတွေ လုပ်နေတယ်လို့ သိရပါတယ်။

အရာတော်မြို့နယ်တော်လှန်ရေးအင်အားစု (ARA)ဟာ အကြမ်းဖက်စစ်တပ်ကို ၁၀ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၉၀ လောက်အထိ ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up