close

ရှမ်းသံဃာနှင့်ပြည်သူပူးပေါင်း၍ စစ်ဘေးရှောင်များကိုကူညီ၊ တိုက်ပွဲများ ရပ်တန့်ရန် တောင်းဆို

ရှမ်းပြည်နယ်က သံဃာနဲ့ ပြည်သူတွေပေါင်းပြီး ကျောက်မဲမြို့ရှိ စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ငွေကြေးတွေကူညီပေးခဲ့ကြပြီး ဒေသတွင်းမှာ တိုက်ပွဲတွေ ရပ်တန့်ပေးဖို့ ရှမ်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တောင်းဆိုခဲ့ကြပါတယ်။ 

ရှမ်းပြည်နယ်က သံဃာနဲ့ ပြည်သူတွေပေါင်းပြီးဖွဲ့စည်းထားတဲ့ သျှမ်းပြည်သံဃာ့နှင့် ပြည်သူငြိမ်းချမ်းရေး ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ (SPB) က တောင်းဆိုလိုက်တာပါ။ 

ရှမ်းပြည်နယ် ၂၃ မြို့နယ်က SPB ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့ စနေနေ့က ကျောက်မဲမြို့ ရှမ်းစာပေယဉ်ကျေးမှုအသင်းမှာ ဖွင့်လှစ်ထားတဲ့ စစ်ဘေးရှောင်စခန်းမှာ အသီးသီး လာရောက်ဆုံ ဆည်းကြပြီး မိမိဒေသအလိုက်ကောက်ခံရရှိထားတဲ့ စစ်ဘေးရှောင်အကူပစ္စည်းတွေကို တပြိုင်တည်း ကူညီပေးခဲ့ကြပါတယ်။ 

အဲဒီနောက် “ငါတို့ငြိမ်းချမ်းရေးလိုချင်တယ်၊ စစ်ပွဲရပ်ပေးပါ၊ လူ့အခွင့်အရေးကိုလေးစား လိုက်နာပါ၊ လူ့အသက်သည် တန်ဖိုးအရှိဆုံး” စတဲ့  စာသားပါ ဆိုင်းဘုတ်တွေကိုင်ကာ စစ်ဘေး ရှောင်တွေနဲ့အတူ သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့တွေကို တောင်းဆိုခဲ့ပါတယ်။ 

စစ်ပွဲဟာပြဿနာဖြေရှင်းတဲ့နည်းလမ်းမဟုတ်ကြောင်း၊ တိုက်ပွဲရပ်ပြီးတွေ့ဆုံဆွေးနွေးခြင်းနဲ့ ဖြေရှင်းဖို့၊ စစ်ပွဲကိုအကြောင်းပြုပြီး ပြည်သူတွေကိုခြိမ်းခြောက်တာ၊ အဆောက်အဦထဲရှာဖွေ ဖျက်ဆီးတာ၊ ရဟန်းသံဃာနဲ့ကလေးတွေ ပြည်သူတွေကို အဓမ္မစစ်သားစုဆောင်းခြင်းစတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တန့်ဖို့ စတဲ့အချက်တွေပါဝင်တဲ့ ကြေညာချက်ကို ထုတ်ပြန် ဖတ်ကြားခဲ့ပြီး RCSS နဲ့ SSPP  ရှမ်းပြည်တပ်မတော် နှစ်ဖွဲ့နဲ့   သူတို့ရဲ့မဟာမိတ်တွေကို  တောင်းဆိုလိုက်ပါတယ်။ 

ဒါ့အပြင် ရှမ်းပြည်ပြည်သူတွေရဲ့ လူမှုဘဝလုံခြုံရေးနဲ့ငြိမ်းချမ်းရေးဟာ ပြည်နယ်ထဲမှာ ရှိတဲ့ တိုင်းရင်းသားအားလုံး၊ ပြည်သူအားလုံးရဲ့တာဝန်ဖြစ်တယ်လို့ ကော်မတီက လက်ခံတာကြောင့်  အားလုံး ပူးပေါင်းပါဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

SPB ကော်မတီကို ရှမ်းပြည်နယ်တွင်းရှိ မြို့နယ်အသီသီးက သံဃာနဲ့ပြည်သူတွေ ပူးပေါင်းပြီး ဒီနှစ်  ၂၀၂၁ အောက်တိုဘာ ၁၆ ရက်နေ့က ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ 

ရှမ်းတပ်ဖွဲ့ ၂ ဖွဲ့တိုက်ပွဲရပ်စဲအောင်တွေ့ဆုံဆွေးနွေးဖြေရှင်းရေး၊ စစ်ဘေးရှောင်ပြည်သူတို့ အခက်အခဲကူညီဖြေရှင်းပေးရေး၊ လူ့အခွင့်အရေးချိုးဖောက်မှု ဆန့်ကျင်ခြင်းနဲ့ တရားမျှတရေး၊ ရှမ်းပြည်နယ်တွင်းရှိ တိုင်းရင်းသားလူမျိုးများအားလုံး စည်းလုံးညီညွတ်ရေးကို ထောက်ခံ   အားပေးရေး စတဲ့ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ 

ကိုးကား -  The Shan State Sangha and People for Peace-Building

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up