close

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးရွာ၊ လေပြင်းတိုက်နိုင်

လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် မိုးရွာသွန်း၊  လေပြင်း တိုက်ခတ်၊ မိုးထစ်ချုန်းတာတွေ ဖြစ်ပေါ်နိုင်လို့  ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုးဇလဌာနက အသိပေးနှိုးဆော်ထားပါတယ်။ 

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်တွေ၊‌ သင်္ဘောတွေအနေနဲ့လည်း  ကြိုတင်သတိပြုကြဖို့ တိုက်တွန်းထားပါတယ်။

ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းမှာ  ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိနေပြီး အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ နိုဝင်ဘာ ၁၈ ရက်မှာ  ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းလွန်- တမီးလ်နာဒူးမြောက်ပိုင်းကမ်းခြေသို့ ရောက်ရှိနိုင်တယ်လို့ မိုးဇလက ဒီမနက် ခန့်မှန်း ထုတ်ပြန်ထားပါတယ်။

လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် နိုဝင်ဘာ ၁၇ ရက်မှ ၁၈ ရက်အတွင်း  နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်း ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ တခါတရံ မိုးသက်လေပြင်းတွေကျပြီး  လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကာ  မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုး တန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ  လှိုင်းအမြင့်မှာ  (၇)ပေမှ (၉)ပေခန့် ရှိနိုင်တယ်လို့လည်း မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။

Photo Credit- မိုးဇလ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up