close

ဘာကီနာဖာဆိုနိုင်ငံတွင် သမ္မတ ရာထူးမှ ဆင်းပေးရန် ပြည်သူများ ဆန္ဒပြ

ဘာကီနာဖှာဆိုနိုင်ငံရဲ့ မြို့တော်အွာဂါဒူဂူက လမ်းတွေပေါ်မှာ ရာချီတဲ့ ဆန္ဒပြသူတွေ နိုဝင်ဘာ ၁၆ ရက်က ချီတက်ခဲ့ကြပြီး သမ္မတရာထူးက ဆင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

နိုင်ငံအရှေ့ပိုင်းနဲ့ မြောက်ပိုင်းမှာ လွှမ်းမိုးနေတဲ့ စစ်သွေးကြွတွေကို နှိမ်နင်းဖို့ ပျက်ကွက်လို့ ကျန်ခဲ့တဲ့ သီတင်းပတ်ကုန်က  စစ်သား ၂၈ ယောက်နဲ့ အရပ်သား ၄ ယောက် သေဆုံးခဲ့တဲ့အတွက် ခုလို ဆန္ဒပြနေတာပါ။

နိုဝင်ဘာ ၁၄ ရက်က တိုက်ခိုက်မှု​ဟာ ၄ နှစ်ကြာ အစ္စလာမစ်သူပုန်ထမှုအတွင်း စစ်သည်တွေ ဒုက္ခ အရောက်ဆုံး ဖြစ်ခဲ့တာပါ။ ၄ နှစ်အတွင်း လူအယောက် ထောင်ချီ သေဆုံးခဲ့ပြီး လူ ၁ သန်းလောက် အိုးပစ်အိမ်ပစ် ထွက်ပြေးခဲ့ရပါတယ်။

အင်နာတာမြို့က ရဲစခန်းဟာ စားနပ်ရိက္ခာ ပြတ်လပ်နေပြီး ကျန်ခဲ့တဲ့ သီတင်းပတ် နှစ်ပတ်စလုံး တိရစ္ဆာန်တွေကို သတ်ဖြတ်စားနေရတယ်လို့ ရဲစခန်းမှူးက အထက်လူကြီးတွေဆီ အရင်အပတ်က ပေးပို့တဲ့ ကြေးနန်းစာထဲမှာ ဖော်ပြထားပါတယ်။

မြို့တော်က လမ်းတွေတလျှောက် ကြွေးကြော်နေတဲ့ လူအုပ်ကြီးက သမ္မတခါဘိုရေ ရာထူးက ဆင်းဖို့ ဆော်ဩနေပြီး ပြင်သစ်တပ်တွေက အစ္စလာမစ် စစ်သွေးကြွတွေကို ရှာဖို့ ကင်းလှည့်ဖို့ တောင်းဆိုနေကြပါတယ်။

မိုးကြိုးပစ်သလို လျှပ်တပြက် တိုက်ခိုက်မှုတွေကြောင့် ဘာကီနာဖှာဆိုမှာသာမက အိမ်နီးချင်း မာလီနဲ့ နိုက်ဂျာနိုင်ငံတွေမှာပါ ဥရောပသမဂ္ဂ စစ်တပ်တွေ ရောက်နေတာကို လူအများအပြားက မြင်ကြပါတယ်။

ဘာကီနာဖှာဆိုဟာ မာလီနိုင်ငံနဲ့ နယ်စပ်မှာ ဘာသာရေး စစ်ဝါဒီတွေရဲ့ အကြမ်းဖက်မှုကနေ ကင်းလွတ်နေတာ နှစ်ချီနေပါပြီ။ သမ္မတဟောင်း ဘလေ့စ်ကွန်ပိုဟေက ဒေသတွင်း အစ္စလာမစ် စစ်သွေးကြွတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းထားနိုင်ခဲ့ပေမဲ့ ၂၀၁၄ မှာ သူ့ရာထူး သက်တမ်း ကုန်ဆုံးပြီးတဲ့နောက် နိုင်ငံဟာ ပစ်မှတ် ပြန်ဖြစ်လာခဲ့ပါတယ်။

အခုတော့ နိုင်ငံမြောက်ပိုင်း၊ အရှေ့ပိုင်းတို့က ခြောက်သွေ့တဲ့ ကျေးလက်ဒေသတွေကို လက်နက်ကိုင်အုပ်စုတွေက ခြယ်လှယ်နေပြီး နိုင်ငံမြောက်ပိုင်းမှာ အာဟာရချို့တဲ့မှု ကြီးကြီးမားမား ကြုံနေရပါတယ်။

ထောင်နဲ့ချီတဲ့ ကျောင်းတွေ ပိတ်ထားရပြီး အိုးအိမ်စွန့်ခွာခဲ့ရတဲ့ လယ်သမားတွေလည်း သူတို့ လယ်တွေဆီ မပြန်နိုင်ကြတော့ပါဘူး။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up