အာဏာသိမ်းစစ်တပ်ကို ဆူဒန်ပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြ

ဆူဒန်နိုင်ငံရဲ့စစ်တပ်အကြီးအကဲဟာ အာဏာသိမ်းပြီးနောက် အသစ်ဖွဲ့စည်းလိုက်တဲ့ အဖွဲ့ဝင် ၁၄ ဦးပါ အသွင်ကူးပြောင်းရေး အချုပ်အခြာအာဏာပိုင် ကောင်စီမှာ ခေါင်းဆောင်အသစ်အဖြစ် ကြေညာပြီးနောက် ဆူဒန်မြို့တော် ခါတွံမ်မှာ ပြည်သူတွေဟာ လမ်းမတွေပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။
ဆူဒန်စစ်တပ်ရဲ့ စစ်သေနာပတိချုပ် အဗဒဲလ်ဖက်တာအယ်လ်ဘာဟန်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အမိန့်ထုတ်ပြန်တဲ့နေ့မှာပဲ အသွင်ကူးပြောင်းရေး အချုပ်အခြာအာဏာပိုင် ကောင်စီကို ဖွဲ့စည်းလိုက်တာပါ။
အဲ့ဒီအမိန့်မှာ အယ်လ်ဘာဟန်ကို အသွင်ကူးပြောင်းရေး အချုပ်အခြာအာဏာပိုင်ကောင်စီရဲ့ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ဗိုလ်ချုပ်ကြီး မိုဟာမက်ဟမ်ဒန်ဒတ်လူကို ဒုတိယဥက္ကဋ္ဌအဖြစ် အမည်ပေးခဲ့ပြီး ဗိုလ်ချုပ်တွေ အပါအဝင် အသွင်ကူးပြောင်းရေး အချုပ်အခြာအာဏာပိုင်ကောင်စီ အဖွဲ့ဝင် ၁၁ ဦးကို နာမည်တွေ ထည့်သွင်းခဲ့ပါတယ်။
ဒီအမိန့်ဟာ ဆူဒန်အရှေ့ခြမ်းမှ ကိုယ်စားလှယ်တစ်ဦးကို ခန့်အပ်ဖို့ နှောင့်နှေးနေခဲ့ပြီး ဆက်စပ်ညှိနှိုင်းမှုတွေ မပြီးမြောက်သေးပါဘူး။ တစ်ချိန်တည်းမှာပဲ လမ်းပေါ်ထွက် ဆန္ဒပြပွဲများကို ဦးဆောင်နေတဲ့ ဆူဒန် ကျွမ်းကျင်ပညာရှင်များအသင်းကလည်း အသွင်ကူးပြောင်းရေး အချုပ်အခြာအာဏာပိုင်ကောင်စီရဲ့ခန့်အပ်မှုကို ငြင်းပယ်ကြောင်း ကြေငြာခဲ့ပါတယ်။
အယ်လ်ဘာဟန်ဟာ အောက်တိုဘာ ၂၅ ရက်မှာ အရေးပေါ်အခြေအနေကြေညာခဲ့ပြီး အချုပ်အခြာအာဏာပိုင်ကောင်စီနဲ့အစိုးရကို ဖျက်သိမ်းပြီးနောက် ဆူဒန်ဟာ နိုင်ငံရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာပါ။