close

စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် NUG ပြင်းထန်စွာ ရှုတ်ချ

အကြမ်းဖက်စစ်ကောင်စီက ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူတွေ၊ ပရဟိတဝန်ထမ်းတွေနဲ့ ဆေးရုံ၊ ဆေးခန်းတွေကို အကြမ်းဖက်တိုက်ခိုက် ချေမှုန်းနေတာဟာ ပြည်တွင်းနဲ့  နိုင်ငံတကာဥပဒေတွေကို  ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်ပြီး ဒီလုပ်ရပ်ကို  NUG အစိုးရက ပြင်းထန်စွာ ရှုတ်ချကြောင်း ကြေညာပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၇  ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပြီး စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အချိန်မီထိရောက်စွာ တားဆီးအရေးယူဆောင်ရွက်ကြဖို့ တိုက်တွန်း ထားပါတယ်။

နိုဝင်ဘာ ၁၆ ရက်နေ့က ကလေးမြို့နယ်မှာ အရေးပေါ်ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အမျိုးသမီးတွေအပါအဝင် ဆေးဝန်ထမ်းတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့တာပါ။

အဆိုပါနေ့တရက်တည်းမှာပဲ ဖားအံမြို့နယ်၊ ဖလံတောင်ကျေးရွာရှိ တိုက်နယ်ပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ်က ကျူးကျော်ဝင်ရောက်ဖျက်ဆီးခဲ့ပြီး မီးစက်အပါအဝင် ပြည်သူပိုင် ဆေးနဲ့ ဆေးပစ္စည်းတွေကို လုယူခဲ့ကြကာ  ဆေးရုံဝန်ထမ်းတွေ ကြိုတင်တိမ်းရှောင်နိုင်ခဲ့လို့ အကြမ်းဖက် အန္တရာယ်နဲ့  မကြုံတွေ့ခဲ့ရတာလို့  NUG  ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ အခုရက်ပိုင်းအတွင်း အထူးကုဆရာဝန်တွေအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူတွေနဲ့  ပရဟိတဝန်ထမ်းတွေကို ဆက်တိုက် ထပ်မံဖမ်းဆီး နေတယ်လို့လည်း ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူတွေ၊ ပရဟိတဝန်ထမ်းတွေနဲ့ ဆေးရုံ၊ ဆေးခန်းတွေကို အခုလို အငြိုးတကြီး ပစ်မှတ်ထား အဆင်ခြင်မဲ့ အကြမ်းဖက်တိုက်ခိုက် ချေမှုန်းနေတာဟာ ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions)နဲ့  ကုလသမဂ္ဂလုံခြုံ ရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် (၂၂၈၆) အပါအဝင် နိုင်ငံတကာဥပဒေတွေနဲ့ ပြည်တွင်းဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာလို့ NUG ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးကတည်းက ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ပရဟိတသမားတွေကို  ပစ်မှတ်ထား ဖမ်းဆီးထောင်ချ  သတ်ဖြတ်မှုတွေ ကျူးလွန်နေတာဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up