close

ယောဒေသတွင် တိုက်ပွဲပြင်းထန်၊ စစ်တပ်က ရဟတ်ယာဉ်သုံး ပစ်ခတ်သဖြင့် ပြည်သူ ၁ ထောင်ခန့် တိမ်းရှောင်

မကွေးတိုင်း ဂန့်ဂေါခရိုင်၊ ယောဒေသမှာ ဒေသကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဆီ က သိရပါတယ်။

နိုဝင်ဘာ ၁၉ ရက်မနက်ပိုင်းက PDF-ဆော၊ ညီနောင်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေတယ်လို့ PDF-ဆော တပ်ဖွဲ့က သိရပါတယ်။

ဒီကနေ့ မနက် ၁၀ နာရီလောက်မှာလည်း ကျောက်ထုလေယာဉ်ကွင်းမှာ အကြမ်းဖက်စစ်တပ် ရဟတ်ယာဉ် ၂  စီးဆင်းသက်ကာ စစ်တပ်အင်အား ၁၀၀ လောက်အင်အားဖြည့်ထားပြီး ရဟတ်ယာဉ် စက်သေနတ်တွေ ဘယ်ညာ တပ်ဆင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဒီနေ့ မနက် ၁၁ နာရီကျော်လောက်မှာတော့ ဆောမြို့နယ် တောမရွာနဲ့ ကျင်းလိန်ရွာနားတွေမှာ ရဟတ်ယာဉ်ပေါ်ကနေ စက်သေနတ်တွေနဲ့ ဆက်တိုက် ပစ်ခတ်နေတာကြောင့် ဒေသခံ ပြည်သူ တစ်ထောင်လောက် ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်းနေကြရတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း သေဆုံးဒဏ်ရာရမှုအခြေအနေနဲ့ပတ်သက်ပြီး ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲဖြစ်ပါတယ်။

မကွေးတိုင်း ထီးလင်းမြို့နယ် ထန်ပင်ကုန်းရွာနားမှာလည်း နိုဝင်ဘာလ ၁၇ ရက်နေ့က YDFတပ်ဖွဲ့၊ CDF မင်းတပ် ပူးပေါင်းအဖွဲ့ နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီနပ်သား ၁၀ ယောက်လောက်သေဆုံးပြီးတော့ အများအပြား ဒဏ်ရာရရှိသွားတယ်လို့ YDF က ဒီကနေ့ နေလယ်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

နှစ်ဘက်တိုက်ပွဲအတွင်း YDF(ထီးလင်း) က ရဲဘော် ၁၃ ယောက်နဲ့ CDF(မင်းတပ်)က ရဲဘော်တစ်ယောက် တိုင်းပြည်အတွက် ကျဆုံးခဲ့ရပြီး ရဲဘော် ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ နိုဝင်ဘာလ ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့တွေကလည်း စစ်ဘေးရှောင်ရွာသား ၅ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားကြတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ အပြစ်မဲ့ အရပ်သား စစ်ဘေးရှောင်ပြည်သူ ၅ ယောက်ကို သတ်ဖြတ်တာနဲ့ ကျဆုံးခဲ့ရတဲ့ YDF/CDF ရဲဘော်တွေအတွက် စစ်ကောင်စီတပ်တွေကို နေရာဒေသမရွေး လက်တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up