နည်းပြတစ်ဦးတည်း အပြစ်မတင်သင့်ဘဲ ကစားသမားအားလုံးတာဝန်ရှိကြောင်း ဖာနန်ဒက်စ်ပြော

ဝက်ဖို့ဒ်အသင်းကို ရှုံးနိမ့်ခဲ့တာနဲ့ ပတ်သက်ပြီး နည်းပြအပေါ်မှာ အပြစ်မတင်သင့်ဘဲ အားလုံးမှာ တာဝန်ရှိကြောင်း ယူနိုက်တက်ကွင်းလယ်လူ ဖာနန်ဒက်စ်က ပြောပါတယ်။
မန်ယူနိုက် တက်အသင်းဟာ ဝက်ဖို့ဒ်နဲ့ အဝေးကွင်းပွဲစဉ်မှာ ၄ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်ရူံးနိမ့်ခဲ့ပြီးနောက် အများစုက နည်းပြဆိုးလ်ရှားကို ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။
ကွင်းလယ်လူ ဖာနန်ဒက်စ်ကတော့ ရှုံးပွဲဟာ နည်းပြကြောင့်မဟုတ်ဘဲ ကစားသမားတွေအားလုံးမှာတာဝန်ရှိကြောင်း၊ အားလုံးက ပိုကောင်းဖို့ လိုအပ်နေကြောင်း ပြောပါတယ်။
“ဒီပွဲက အားလုံးရဲ့အမှားတွေကြောင့်ပါ။ နည်းပြတစ်ဦးတည်းကြောင့်မဟုတ်ပါဘူး။ ကစားသမားတစ်ယောက် နှစ်ယောက်ကြောင့်လည်း မဟုတ်ဘဲ အားလုံးကြောင့်ဖြစ်ပါတယ်။ ဘယ်သူကမှ ငါတော့ကောင်းအောင် ကစားခဲ့တယ်လို့ ပြောလို့မရပါဘူး” လို့ ဖာနန်ဒက်စ်က ပြောပါ တယ်။
ယူနိုက်တက်အသင်းအနေနဲ့ ပထမပိုင်းလောက်ပဲ အကောင်းဆုံးကစားခဲ့ပြီး ပရီးမီးယားလိဂ်လို ပြိုင်ပွဲမှာ အဲဒီလိုလုပ်လို့မရကြောင်း၊ ဝက်ဖို့ဒ်တိုက်စစ်က အရည်အချင်းရှိပြီး အခွင့်အရေးတွေ ပေးရင်တော့ ဂိုးတွေပေးလိုက်ရမှာဖြစ်ကြောင်းလည်း ဖာနန်ဒက်စ်က ပွဲအပြီး beIN Sports နဲ့ အင်တာဗျူးမှာ ပြောပါတယ်။
မန်ယူနိုက်တက် အသင်းဟာ ဒီရှုံးပွဲကြောင့် အမှတ်ပေးဇယားအဆင့် ၇ အထိ ကျဆင်းသွားခဲ့ပါတယ်။