အာဖဂန်နစ္စတန်ပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ပြည်သူများအတွက် စိုးရိမ်ကြောင်း ICRC သတိပေး

အာဖဂန်နစ္စတန်နိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ အလှူရှင်တွေက အလှူရပ်တန့်လိုက်တာတွေဟာ အခြေခံဝန်ဆောင်မှုတွေကို ဖြတ်တောက်လိုက်သလို ဖြစ်နေမှာ စိုးရိမ်တယ်လို့ ကြက်ခြေနီအသင်းအရာရှိတယောက်က နိုဝင်ဘာ ၂၂ ရက်မှာ ပြောပါတယ်။
အလှူရှင်တွေအနေနဲ့ ကြီးမားတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းကို ဟန့်တားဖို့ ဆန်းသစ်တဲ့ နည်းလမ်းတွေကို ရှာသင့်တယ်လို့လည်း သူက ဆော်ဩလိုက်ပါတယ်။
ကျန်းမာရေးဝန်ဆောင်မှုတွေ ပြိုလဲတာကို ဟန့်တားဖို့၊ လစ်ဟာချက်တွေကို ဖြည့်ဆည်းရာမှာ ကူညီဖို့ နိုင်ငံတကာ ကြက်ခြေနီအသင်း ICRC ရဲ့ လုပ်ငန်းဒါရိုက်တာ ဒိုမစ်နစ်ခ် စတေးလ်ဟာ့တ် က ဆေးဘက်ဆိုင်ရာ ပံ့ပိုးမှု အင်္ဂါရပ် ၁၈ ရပ်ကို ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ ဖြန့်ဖြူးပေးခဲ့ပြီး လစာတွေ စပေးခဲ့ပြီးပြီလို့ ပြောပါတယ်။
“ဆောင်းရာသီဝင်လာပြီ၊ အာဏာရှိနေသူတွေကို ပံ့ပိုးသလို မဖြစ်အောင် ရှောင်ဖို့ ချမှတ်ထားတဲ့ မူဝါဒတွေဟာ ခုတော့ သန်းချီတဲ့ ပြည်သူတွေ ရှင်သန်ဖို့ အင်မတန် အခြေခံကျတဲ့ လိုအပ်ချက်တွေ မရှိအောင် လုပ်သလို ဖြစ်နေပြီ”လို့ သူက သတင်းထောက်တွေကို မြို့တော် ကဘူးလ်က သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောပါတယ်။
သူဟာ ဆေးရုံတွေဆီ ၆ ရက်ကြာ သွားရောက် ကြည့်ရှုအပြီး ခုလို ပြောလိုက်တာပါ။
ကန်ဒဟာပြည်နယ်က ကလေးလူနာဆောင်ကို သွားရာမှာ ခုတင်တလုံးမှာ ကလေး ၃ ယောက် ကြပ်ညပ်နေပြီး ဆိုးဆိုးရွားရွား အာဟာရချို့တဲ့သူတွေ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါနဲ့ ရေဓာတ်ခန်းခြောက် သူတွေဟာ ဩဂုတ်နဲ့ စက်တင်ဘာလတွေမှာ ၂ ဆ တိုးလာနေတယ်လို့ သူက ပြောပါတယ်။
ဆေးရုံလုပ်သားတွေဟာလည်း ဆေးရုံကို လာဖို့ ခရီးစရိတ်မတတ်နိုင်လို့ ၂ နာရီကြာ လမ်းလျှောက် လာရပြီး လစာမရတာ လချီနေပြီလို့ သူက ဆက်ပြောပါတယ်။
လမ်းပေါ်က လူတွေ၊ လူနာတွေ ဆေးရုံဝန်ထမ်းတွေ အပါအဝင် ကျနော်တို့ စကားပြောတဲ့ လူတယောက်ချင်းတိုင်းဟာ လာမယ့်လတွေမှာ ဘယ်လို စားသောက်နေထိုင်ရမလဲဆိုတာ အသည်းအသန် စိုးရိမ်နေကြတယ်လို့လည်း သူက ပြောပါတယ်။