ဘင်္ဂလားဒေ့ရှ်၊ လာအို၊ နီပေါ ၃ နိုင်ငံ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဆင့်မှ လွတ်မြောက်

အာရှဒေသတွင်းနိုင်ငံတွေဖြစ်ကြတဲ့ ဘင်္ဂလားဒေ့ရှ်၊ လာအိုနဲ့ နီပေါနိုင်ငံတွေဟာ ကမ္ဘာ့ဖွံ့ ဖြိုးမှုအနည်းဆုံးနိုင်ငံတွေ(LDCs)အဆင့်ကနေ လွတ်မြောက်သွားခဲ့ပြီလို့ ကုလသမဂ္ဂ အထွေထွေညီလာခံက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်က အတည်ပြုလိုက်ပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်မှာတော့ အဆိုပါ ၃ နိုင်ငံဟာ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ထိခိုက်ပျက်စီးမှုတွေကို ပြန်လည်တွန်းလှန်နိုင်ဖို့ မူဝါဒတွေနဲ့ မဟာဗျူဟာတွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အရင်က သတ်မှတ်ထားတဲ့ ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်က လွတ်မြောက်ဖို့ ပြင်ဆင်ချိန် ၃ နှစ်အစား ၅ နှစ်ကာလ သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ အဆိုပါ ၃ နိုင်ငံကို ၅ နှစ်တာ ကာလအတွင်း ကုလသမဂ္ဂပံ့ပိုးကူညီမှုနဲ့ နိုင်ငံတွေကြား၊ ဒေသတွင်းနဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်ဘက်နိုင်ငံတွေနဲ့ ပူးပေါင်းကာ အမျိုးသားအသွင်ကူးပြောင်းရေး မဟာဗျူဟာကို ပြင်ဆင်နိုင်ဖို့ ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။
ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကော်မတီအနေနဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDCs)တွေ အဆင့်အတန်းကိုတော့ နိုင်ငံသားတွေရဲ့ တဦးချင်းဝင်ငွေ၊ လူ့စွမ်းအားအရင်း အမြစ်ပိုင်ဆိုင်မှုနဲ့ စီးပွားရေး ထိလွယ်ရှလွယ်ရှိမှုစတဲ့ စံသတ်မှတ်ချက်သုံးခုကို အသုံးပြုတွက် ချက်တာ ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ အဆိုအရ နိုင်ငံသားတဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၁၂၃ဝ ရှိမှသာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံကနေ ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ် ကူးပြောင်းနိုင်ဖို့အတွက် လိုအပ်ချက် တခုအနေနဲ့ သတ်မှတ်ထားပါတယ်။
မြန်မာနိုင်ငံကတော့ အာဏာရှင်ဦးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) လက်ထက်မှာ နိုင်ငံဟာ အဘက်ဘက်က ချွတ်ခြုံကျခဲ့ပြီးနောက် ၁၉၈၇ ခုနှစ်မှာ ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ ဖြစ်ခဲ့ရပါတယ်။
လက်ရှိအချိန်ထိ ကပ်ဘေးနဲ့ စစ်အာဏာသိမ်းမှုတွေကြား နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်နေတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေထဲ ဖွံ့ဖြိုးမှုနောက်အကျဆုံး LDCs စာရင်းဝင် နိုင်ငံ ၄၆ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။