close

ကွတ်ခိုင်မြို့တွင် ပစ်ခတ်ခံရမှုကြောင့် ပြည်သူ ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့ ပစ်ခတ်မှုကြောင့် ကောင်းလင်ရွာက ပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ အကူအညီ ပေးသူတွေဆီက သိရပါတယ်။

နိုဝင်ဘာလ ၂၅ ရက်နေ့ ညနေ ၆ နာရီ ဝန်းကျင်က ကောင်းလင်ရွာက လူငယ် ၃ ဦးဟာ နမ့်ကွတ်ရွာမှာ စပါးကြိတ်ပြီး ဆိုင်ကယ်နဲ့ သယ်ဆောင်လာချိန် ကောင်းလင်ရွာအဝင်လမ်းမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့ ၁ ဖွဲ့က  ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အမည်မဖော်လိုသူ ဒေသခံတဦးက "ရှေ့ဆုံးက ဆိုင်ကယ်က နဖူးနား အနီးကပ် ပစ်သွားတာနဲ့တူတယ်။ ဒဏ်ရာက နဖူးကနေ ဂုတ်ကို ဖောက်ထွက်သွားတာ။ ကျောမှာလည်း တနေရာတွေ့တယ်။ အလယ်က ၁ ယောက်တော့ မထိဘူး။ သူက ဆိုင်ကယ်ပစ်ထားပြီး ပုန်းလိုက်တယ် ပြောတယ်။ နောက်ဆုံးက ၁ ယောက်က ခြေထောက်ထိတယ်။ သူလည်း လမ်းမကြီးဘက်ထွက်ပြေးလာတာ နောက်ကနေ လိုက်ပစ်သေးတယ်။" လို့ ပြောပါတယ်။

ပစ်ခတ်ခံမှုကြောင့် အသက် ၂၀ အရွယ် ကိုကွမ်း‌အောင်ဟာ ဦးခေါင်း၊ ကျော ကျည်ဖောက်ထွင်း ဒဏ်ရာနဲ သေဆုံးသွားပြီး အသက် ၁၆ နှစ် အရွယ် ဘန်ခွမ်နန်က ခြေဖ‌နောင့်နား ထိခိုက်ဒဏ်ရာ ရရှိပြီး ၁ ဦးကတော့ ထိခိုက်မှု မရှိဘူးလို့ ‌ဆိုပါတယ်။

"ဒီနေ့ ရွာမှာ ကျေးဇူးတော် ချီမွမ်းပွဲ လုပ်ဖို့၊ စိတ်မကောင်းဘူး။ တကယ် ပြည်တွေအတွက် လုံခြုံမှု ကို မရှိတော့ဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။

သေဆုံးသူနဲ့ ဒဏ်ရာရသူကိုတော့ လူမှုကူညီရေးအသင်းက ကွတ်ခိုင်ဆေးရုံကို ညတွင်းချင်း ကူညီပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူကိုတော့ နိုဝင်ဘာ ၂၆ ရက်နေ့က သင်္ဂြိုဟ်လိုက်ပြီလို့ ဆိုပါတယ်။

ဖြစ်စဉ်ဖြစ်ရာ ဒေသမှာတော့ ရှမ်းတောင် ကယားနယ်စပ်အထိုင် စစ်ကောင်စီတပ်ရင်း ၃၃၆ က လုံခြံ‌ရေးတာဝန် ယူထားတဲ့နေရာဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တွေနဲ့ KIA တပ်လည်း သွားလာလှုပ်ရှားရာ နေရာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့ကလည်း မူဆယ်မြို့နယ် မော်တောင်းရွာ ယာခင်းကနေ အိမ်ပြန်လာတဲ့ အသက် ၅၆ နှစ်အရွယ် အရပ်သား ပြည်သူ ၁ ဦးကို တပ်မ ၉၉ က ပစ်သတ်ခဲ့သလို မကြာသေးမီကလည်း ကွတ်ခိုင်မြို့နယ် ဖာခေတ်ရွာက အသက် ၆၂ နှစ် အရွယ် အမျိုးသမီးကြီးကို တပ်ရင်း ၃၃၆ က စစ်သား၁ ဦး အဓမ္မပြုကျင့်မှု ကျူးလွန်ခဲ့တာ ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up