ကိုရိုနာမျိုးကွဲသစ်တွေ့သည့်နေရာများသို့ လေကြောင်းသွားလာမှု ဆိုင်းငံ့ရန် ဥရောပသမဂ္ဂ တောင်းဆို

ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲအသစ်တွေ့ရှိတဲ့နေရာတွေဆီ လေကြောင်းခရီးသွားလာမှု အချိတ်အဆက်တွေကို ဆိုင်းငံ့ထားဖို့ ဥရောပသမဂ္ဂရဲ့ အမှုဆောင်အရာရှိချုပ်က နိုဝင်ဘာ ၂၆ ရက် နေ့မှာ တောင်းဆိုခဲ့ပါတယ်။
ကာကွယ်ဆေးထုတ်လုပ်သူတွေဟာ မျိုးကွဲအသစ်တွေ ထွက်ပေါ်လာတာနဲ့တပြိုင်နက် သူတို့ရဲ့ ထိုးဆေးတွေကိုလည်း လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က ပြောပါတယ်။
တောင်အာဖရိကမှာတွေ့ရှိရတဲ့ မျိုးကွဲအသစ်တစ်ခုရဲ့သတင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ စျေးကွက်တွေ တုန်လှုပ်သွားရတယ်လို့ ဆိုပါတယ်။
ဥရောပမှာရှိကြသူအားလုံး လျင်လျင်မြန်မြန် ပြတ်ပြတ်သားသားနဲ့ စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြဖို့ အရေးကြီးကြောင်း၊ ဥရောပ နိုင်ငံသားတွေ ကာကွယ်ဆေးထိုးကြဖို့နဲ့ ကိုယ်ခံအားမြှင့်တဲ့ ဆေးတွေနဲ့အတူ အကာအကွယ်ယူကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
အီးယူအဖွဲ့ဝင်နိုင်ငံတစ်ခုလည်းဖြစ်ပြီး အီးယူအဖွဲ့အစည်းများရဲ့ ဌာနချုပ်ဖြစ်တဲ့ ဘယ်လ်ဂျီယံဟာ သူ့နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်မျိုးကွဲအသစ် B.1.1.529 ကို ပထမဆုံးတွေ့ရှိရတဲ့ဖြစ်ရပ်ကို အတည်ပြုပြီးနောက်မှာ Von der Leyen က ပြောကြားခဲ့တာပါ။
ဘယ်လ်ဂျီယမ်ဟာ တောင်အာဖရိကမှာ ပထမဆုံးတွေ့ရှိခဲ့တဲ့ ကိုရိုနာဗိုင်းရပ်မျိုးကွဲအသစ်ရဲ့ ပထမဆုံးလူနာကို တွေ့ရှိခဲ့ကြောင်း ဗိုင်းရပ်စ်ဗေဒပညာရှင်တစ်ဦးက နိုဝင်ဘာ ၂၆ ရက်နေ့မှာ ပြောကြားခဲ့တာပါ။
နိုဝင်ဘာ ၁၁ ရက်က အီဂျစ်နိုင်ငံကနေ ဘယ်လ်ဂျီယံကို ပြန်လာတဲ့ ခရီးသွားတစ်ဦးဆီမှာ အဲ့ဒီမျိုးကွဲတစ်မျိုးကို တွေ့ရှိခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၂ ရက်မှာတော့ ပထမဆုံး ရောဂါလက္ခဏာများ တွေ့ရှိခဲ့ကြောင်း ဗိုင်းရပ်စ်ဗေဒ ပညာရှင်က ဆိုပါတယ်။