ကိုဗစ်မျိုးကွဲ အိုမီခရွန်ကြောင့် ခရီးသွားအစီအမံများ ပြန်သုံးသပ်ရန် အိန္ဒိယ စဉ်းစား

ကိုဗစ်-၁၉ ကပ်ရောဂါ ဗီဇမျိုးကွဲသစ် အိုမီခရွန်အတွက် စိုးရိမ်တာတွေ တိုးလာချိန်မှာ ခရီးသွား ကန့်သတ်ချက် ဖြေလျှော့ရေး အစီအမံတွေကို ပြန်သုံးသပ်ဖို့ အိန္ဒိယ ဝန်ကြီးချုပ် နရင်ဒြာ မိုဒီက အရာရှိတွေကို နိုဝင်ဘာ ၂၇ ရက်မှာ ပြောလိုက်ပါတယ်။
အိန္ဒိယဟာ ကိုဗစ်-၁၉ ကပ်ရောဂါကို ကမ္ဘာ့ ဒုတိယအဆိုးဆုံး ကူးစက်ခံရတဲ့ နိုင်ငံပါ။
နယ်စပ်တွေကို စိစစ်မှု တင်းကြပ်ဖို့ အမိန့်ပေးထားချိန်မှာ ကူးစက်ဖို့ ဘေးရှိတဲ့ နိုင်ငံတွေက ခရီးသည်တင် လေကြောင်းခရီးစဉ်တွေကိုပြန်စဖို့ နိုဝင်ဘာ ၂၆ ရက်ကမှ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဗီဇမျိုးကွဲသစ်ကို စိုးရိမ်စရာ အသစ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကြေညာအပြီးမှာ ကိုဗစ်-၁၉ နဲ့ ကာကွယ်ဆေး အခြေအနေတွေကို သုံးသပ်ဖို့ မိုဒီနဲ့ အရာရှိတွေ တွေ့ဆုံခဲ့တာပါ။
အဲဒီနောက် မိုဒီက နိုင်ငံတကာကနေ ရောက်လာသူ အားလုံးကို စောင့်ကြည့်ဖို့ နဲ့ လမ်းညွှန်ချက်တွေ အရ စမ်းသပ်ဖို့လိုတာ ထင်ရှားအောင် ပြောလိုက်တယ်လို့ အစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
တောင်အာဖရိကမှာ ကနဦး ထောက်လှမ်းတွေ့ရှိထားတဲ့ အိုမီခရွန် ဗီဇမျိုးကွဲသစ်ဟာ တခြား ဗီဇမျိုးကွဲတွေထက်ပိုပြီး မြန်မြန်ကူးစက်နိုင်တယ်လို့ WHO က ပြောထားပါတယ်။
မျိုးကွဲသစ်ရဲ့ ပရိုတိန်းဟာ ကာကွယ်ဆေး သက်ရောက်နိုင်တဲ့ လက်ရှိ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတွေနဲ့ မတူခြားနားတဲ့ ပုံစံရှိပြီး တကမ္ဘာလုံးကို ထိတ်လန့်စေခဲ့သလို ဘဏ္ဍာရေး စျေးကွက်ကိုပါ ခြိမ်းခြောက်ခဲ့ပါတယ်။
လူတွေ ပိုသတိထားသင့်ပြီး ပါးစပ် နှာခေါင်းစည်း ဝတ်တာနဲ့ လူချင်းခွာတာလိုမျိုး သင့်တော်တဲ့ ကြိုတင် ကာကွယ်မှုတွေ လုပ်ရမယ်လို့လည်း အိန္ဒိယ ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။