ပရိသတ်များ ရွေးချယ်သည့် အကောင်းဆုံးကစားသမားဆုကို လီဗာပူးတိုက်စစ်မှူး ဆာလက် ဆွတ်ခူး

ဘောလုံးပရိသတ်တွေက မဲပေးရွေးချယ်ခဲ့တဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို လီဗာပူး တိုက်စစ်မှူး ဆာလက်က ဆွတ်ခူးရရှိခဲ့ပါတယ်။
ဒီဆုကို ဘောလုံးပရိသတ်များအဖွဲ့အစည်းက စီစဉ်ပြီး ၂၀၂၁ ခုနှစ်အတွင်း ကလပ်အသင်းမှာ ပြသနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး ပရိသတ် ၄ သိန်းက မဲပေးရွေးချယ် ပေးခဲ့တာပါ။
ဆာလက်ဟာ ၂၀၂၁ ခုနှစ်အတွင်း ပြိုင်ပွဲစုံမှာ ၃၂ ဂိုးသွင်းယူခဲ့ပြီး ပြိုင်ဘက်တွေကို အသာစီးနဲ့ ကျော်ဖြတ်ရယူနိုင်ခဲ့တာပါ။
ပရိသတ်တွေရဲ့ မဲပေးမှုမှာ ချဲလ်ဆီးကွင်းလယ်လူ မေဆန်မောင့်၊ မန်စီးတီးက ဖီးလ်ဖိုဒန်နဲ့ ရူဘင်ဒီယက်စ်၊ ဝက်စ်ဟမ်းတိုက်စစ်မှူး အမ်တွန်နီယို နဲ့ လက်စတာကွင်းလယ်လူ တိုင်လီမန်စ် တို့ကလည်း မဲအရေအတွက်များပြားခဲ့ပါတယ်။
ဆာလက်အတွက် နောက်ထပ် ထူးချွန်တဲ့ ဘောလုံးရာသီတစ်ခုဖြစ်ပြီး ကွင်းတွင်းမှာရော၊ ကွင်းပြင်ပမှာပါ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တယ်လို့ ဘောလုံးပရိသတ်များအဖွဲ့အစည်းရဲ့ အမှုဆောင်အရာရှိချုပ် ကီဗင်မိုင်းစ်က ပြောပါတယ်။
၂၀၂၁ ခုနှစ်အတွင်း အကောင်းဆုံး အမျိုးသမီးကစားသမားဆုကိုတော့ အာဆင်နယ်တိုက်စစ်မှူး ဗီဗီယန်နီ မီဒါမာက ရရှိခဲ့ပါတယ်။
FSA လို့ခေါ်တဲ့ ဘောလုံးပရိသတ်များအဖွဲ့ဟာ သတင်းစာ၊ ဆောင်းပါး၊ သုံးသပ်သူ အစရှိတဲ့ကဏ္ဍတွေအတွက်လည်း ဆုတွေ ရွေးချယ်ချီးမြှင့်ခဲ့ပါတယ်။