ယာဂန်ကလော့ပ်နှင့် စကားများခဲ့မှု ကွင်းထဲချန်ထားခဲ့ပြီဟု အာတီတာ ပြော

လီဗာပူးနည်းပြ ယာဂန်ကလော့ပ်နဲ့ ပွဲချိန်အတွင်း စကားများခဲ့တာကို ကွင်းထဲမှာပဲ ချန်ထားခဲ့ပြီလို့ အာဆင်နယ်နည်းပြ အာတီတာက ပြောပါတယ်။
လီဗာပူးက အာဆင်နယ်ကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ နည်းပြ ၂ ဦး ကွင်းဘေးစည်းနားမှာ စကားများခဲ့ကြတာပါ။
မာနေးနဲ့ တိုမီယာဆုတို့ ဘောလုံးယှဉ်လုချိန်မှာ မာနေးက ပြစ်ဒဏ်ဘောကျူးလွန်ခဲ့တဲ့အပေါ် အာတီတာက စတုတ္ထဒိုင် လူကြီးကို စောဒကတက်ရာကစပြီး အချင်းများခဲ့ကြတာပါ။
အဲဒီအပေါ် ကွင်းလယ်ဒိုင်က ၂ ဦးစလုံးကို အဝါကတ်ပြားပြသပြီး သတိပေးခဲ့ပါတယ်။ ပွဲအပြီးမှာတော့ အဒီကိစ္စကို ကွင်းထဲမှာပဲချန်ထားခဲ့ပြီး နည်းပြတိုင်းက ကိုယ့်အသင်းကို ကာကွယ်ချင်ကြသူတွေဖြစ်လို့ ပွဲချိန်အတွင်းအချင်းများခဲ့တာက ကိစ္စမရှိကြောင်း နည်းပြအာတီတာက ပြောပါတယ်။
ပွဲအပြီးမှာလည်း ကလော့ပ်ကို လက်ဆွဲနှုတ်ဆက်ခဲ့ပြီး နိုင်ပွဲအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောခဲ့တယ်လို့ အာတီတာက ပြောပါတယ်။
ကလော့ပ်ကတော့ မာနေးကို အနီကတ်ပြသစေချင်တဲ့ အာတီတာကြောင့် စကားများခဲ့တာဖြစ်ပြီး “အဲဒီပြစ်ဒဏ် ဘောကနေ ဘာတွေ လိုချင်နေတာလဲ” လို့ပဲ ပြောခဲ့တာဖြစ်ကြောင်း ပြန်လည်ရှင်းပြခဲ့ပါတယ်။