မီချီဂံပြည်နယ် အထက်တန်းကျောင်းတွင် သေနတ်ပစ်ခတ်မှုကြောင့် ၃ ဦးထက်မနည်း သေဆုံး

အမေရိကန်ပြည်ထောင်စု၊ မီချီဂံပြည်နယ်၊ အောက်စ်ဖို့ဒ်မြို့က အထက်တန်းကျောင်းတကျောင်းမှာ အသက် ၁၅ နှစ်အရွယ် ယောက်ျားလေးတယောက်က အတန်းဖော်တွေကို နိုဝင်ဘာ ၃၀ ရက်မှာ သေနတ်နဲ့ ပစ်ခဲ့တာကြောင့် လူ ၃ ယောက်ထက်မနည်း သေဆုံးပြီး တခြားလူ ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ အုတ်ခ်လန်းမြို့နယ် အုပ်ချုပ်ရေးအရာရှိက ပြောပါတယ်။
သေနတ်သမားကို ရဲအချုပ်ခန်းဆီ အမြန် ခေါ်သွားပြီး ဒဏ်ရာရသူထဲက အနည်းဆုံး တယောက်ဟာ ဆရာတယောက်လို့ ရဲအရာရှိက ပြောပါတယ်။
“သေဆုံးသူတွေက အသက် ၁၆ နှစ်အရွယ် ယောက်ျားလေးတယောက်၊ ၁၇ နှစ်နဲ့ ၁၄ နှစ်အရွယ် မိန်းကလေးတယောက်စီ ဖြစ်တယ်။ အထက်တန်းဒုတိယနှစ်ကျောင်းသား ဖြစ်တဲ့ သံသယရှိသူဟာ တကိုယ်တော် လှုပ်ရှားခဲ့တာလို့ ယုံကြည်ရတယ်၊ သေနတ်နဲ့ ၁၅ ချက်ကနေ အချက် ၂၀ ထိ ပစ်ခတ်အပြီးမှာ မခုခံဘဲ အဖမ်းခံခဲ့တယ်”လို့ မြို့နယ် ငြိမ်ဝပ်ပိပြားရေးအရာရှိ မိုက်ကယ် မက်ကာဘေက သတင်းထောက်တွေကို အခင်းဖြစ်ရာနေရာမှာ ပြောပါတယ်။
ဒီပစ်ခတ်မှုကို သမ္မတဂျိုးဘိုင်ဒန်က “ချစ်ခင်ရသူတွေကို ဆုံးရှုံးလိုက်ရလို့ မတွေးတတ်လောက်အောင် ဝမ်းနည်းပူဆွေးနေရတဲ့ မိသားစုတွေနဲ့ ကျနော့်နှလုံးသားက အတူရှိနေပါတယ်”လို့ မင်နီဆိုးတား နည်းပညာကောလိပ်ဆီ ခရီးမထွက်ခင် ပြောခဲ့တဲ့အကြောင်း ပြန်ကြားရေးအတွင်းဝန် ဂျန်ဆာကီက သတင်းထောက်တွေကို ပြောပါတယ်။