ယူကရိန်းအပေါ် ရုရှား၏ မည်သည့်ရန်စမှုကိုမဆို ဆန့်ကျင်ကြောင်း နေတိုးအဖွဲ့ ပြော

ယူကရိန်းအပေါ် ရုရှားရဲ့ ဘယ်လို ရန်လိုမှုကိုမဆို ဆန့်ကျင်တယ်လို့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးရဲ့ အတွင်းရေးမှူးချုပ် ယန်းစတော့တန်ဘာ့ဂ်က နိုဝင်ဘာ ၃၀ မှာ ပြောလိုက်ပါတယ်။
“ပွင့်လင်းမြင်သာဖို့၊ တင်းမာမှုလျှော့ချဖို့နဲ့ အရှိန်လျှော့ဖို့ ကျနော်တို့ ရုရှားကို ဆော်ဩတယ်။ ယူကရိန်းအပေါ် ရုရှားရဲ့ ဘယ်လို အနာဂတ် ရန်စမှုမဆို မြင့်မြင့်မားမား ပြန်ပေးဆပ်ရလိမ့်မယ်။ ကျနော်တို့ အဆိုးဆုံးအတွက် ပြင်ဆင်ထားပြီး ရုရှားက ယူကရိန်းကို စစ်ရေး ကျူးကျော်တာ မလုပ်သင့်ကြောင်း ရုရှားကို သတင်းစကားပေးပို့ဖို့ လိုတယ်” လို့ စတော့တန်ဘာ့ဂ်က ရီဂါမြို့ အစည်းအဝေးအတွင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
သီတင်းပတ်တွေအတွင်း ရုရှား၊ ယူကရိန်းနဲ့ နေတိုးတို့ အားလုံးဟာ စစ်ရေးလေ့ကျင့်နေလို့ တင်းမာမှုတိုးနေပြီး အားလုံးကလည်း ရန်လိုသူအဖြစ် တဘက်နဲ့တဘက် အပြန်အလှန်ပြစ်တင် ဝေဖန်နေကြပါတယ်။
ဆိုဗီယက်သမ္မတနိုင်ငံ လက်အောက်ခံဟောင်း ယူကရိန်းနိုင်ငံက ခုတော့ ဥရောပသမဂ္ဂနဲ့ နေတိုး အဖွဲ့ကို ပူးပေါင်းဖို့ ကြိုးစားနေပါတယ်။
ဒီကိစ္စကြောင့် စစ်အေးခေတ် အဆုံးသတ်အပြီး အနှစ် ၃၀ အတွင်း ရုရှားနဲ့ အနောက်နိုင်ငံတွေကြား ဆက်ဆံရေးက အဆိုးဆုံးအဆင့်ကို ရောက်နေတာပါ။
ဥရောပသမဂ္ဂနဲ့ အနောက်ခေါင်းဆောင်တွေဟာ ယူကရိန်းနဲ့ တခြား ဆိုဗီယက် လက်အောက်ခံ ဟောင်းတွေဖြစ်တဲ့ မော်လ်ဒိုဗာနဲ့ ဂျော်ဂျီယာနိုင်ငံတွေအပေါ် ကုန်သွယ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ကာကွယ်ရေး အစီအစဉ်တွေကနေတဆင့် ဩဇာလွှမ်းဖို့ ပထဝီ နိုင်ငံရေး လွန်ဆွဲပွဲမှာ ပါဝင်ပတ်သက်နေပါတယ်။
နေတိုး နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ လတ်ဗီယာနိုင်ငံရီဂါမြို့မှာ ကျင်းပနေတဲ့ ၂ ရက်ကြာ ဆွေးနွေးပွဲ အတွင်း ရုရှားရဲ့ ခြိမ်းခြောက်မှုတိုးလာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စတင်ဆွေးနွေးနေပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကတော့ အမေရိကန်အစိုးရရဲ့ စစ်သတင်း ချင့်ချိန်ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ မဟာမိတ် ၂၉ နိုင်ငံက အကြီးအကဲတွေကို အသေးစိတ် ရှင်းပြဖို့ ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။