close

နတ်တလင်း NLD အလုပ်အမှုဆောင် ၁ ဦးကို ရှေ့နေမပါဘဲ ထောင် ၃ နှစ်ချမှတ်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြို့နယ်အလုပ်အမှုတောင် ဦးအောင်ဆန်းလင်းကို စစ်ကောင်စီတရားရုံးက ရှေ့နေမပါဘဲ ရုံးချိန်း ၂ ကြိမ်သာစစ်ဆေးပြီး ထောင် ၃ နှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

နီးစပ်သူတဦးက “ဦးအောင်ဆန်းလင်းကို စစ်ကောင်စီကမတရားဖမ်းပြီး ပေါင်းတည်ထောင်ထဲမှာ ချုပ်ထားတာ။ အခုအမိန့်ချတာက ထောင်တရားရုံးမှာ အမှုကို ၂ ကြိမ်ပဲစစ်ရသေးတယ်။ ရှေ့နေပါဝါကို မတင်ရသေးဘူး။ အခွင့်အရေးမှန်သမျှ အကုန်ဆုံးရှုံးတယ်” လို့ ပြောပါတယ်။

ဦးအောင်ဆန်းလင်းကို စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ပြီးခဲ့တဲ့လအနည်းငယ်က ဖမ်းဆီးအမှုဖွင့်ကာ ပေါင်းတည်အကျဉ်းထောင်မှာ ချုပ်နှောင်ထားပြီးနောက် ထောင်တွင်းတရားရုံးကနေ တဖက်သတ်အမိန့်ချမှတ်လိုက်တာလို့ ဆွေမျိုးနီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှကနေ နိုဝင်ဘာ ၃၀ ရက်နေ့အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင်တွေအပါအဝင် ပါတီဝင် ၅၇၉ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ပြန်လည်လွတ်မြောက်လာသူ ၁၂၈ ဦး၊ စစ်ကြောရေးမှာသေဆုံးသူ ၈ ဦး၊ ၄၃၂ ဦးကတော့ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ NLD ပါတီက သတင်းထုတ်ပြန်ထားပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း၊ မိုးညိုမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အမတ်ဟောင်း ဦးကျော်မျိုးမင်းဟာလည်း ဖမ်းဆီးခံထားရသလို ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာအနိုင်ရရှိခဲတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်လည်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) နဲ့ တရားစွဲခံရပြီး ထောင် ၃ နှစ် ချမှတ်ခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up