လက်ဘနွန် ပြန်ကြားရေးဝန်ကြီး ရာထူးမှ နုတ်ထွက်

လက်ဘနွန်ပြန်ကြားရေးဝန်ကြီး ဂျော့ဂျ်ကော်ဒါဟီဟာ သူ့ရဲ့ပုဂ္ဂိုလ်ရေးထက် နိုင်ငံ့အကျိုးကို ရှေ့တန်းတင်ပါတယ်လို့ ပြောဆိုပြီး ဒီဇင်ဘာ ၃ ရက်က ရာထူးကနေ နုတ်ထွက်သွားပါတယ်။
လက်ဘနွန် ရုပ်သံတင်ဆက်သူကနေ နိုင်ငံရေးသမားဖြစ်လာတဲ့ ဂျော့ဂျ် ကော်ဒါဟီဟာ ယီမင်စစ်ပွဲမှာ ဆော်ဒီအာရေဗျရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေဟာ ဆော်ဒီအာရေးဗီးယားနဲ့ သံတမန်ဆက်ဆံရေးကို ထိခိုက်စေမယ့်အဖြစ်ကနေ ရှောင်ရှားနိုင်မယ့်နည်းလမ်းကို ရှာသွားတာလို့ ဆိုကြပါတယ်။
သူ့မှတ်ချက်စကားတွေကြောင့် ဆော်ဒီနိုင်ငံကို ရန်ဆွသလိုဖြစ်ခဲ့ရတဲ့ အကျပ်အတည်းကို ပြေလျော့စေမယ့် မျှော်လင့်ချက်နဲ့ ပြင်သစ်သမ္မတ ရီယာ့ဒ်သို့ သွားရောက်ခြင်းမပြုမီ ရာထူးမှ နုတ်ထွက်ခဲ့တာလို့ ဂျော့ဂျ် ကော်ဒါဟီက ပြောပါတယ်။
လက်ဘနွန် ပြန်ကြားရေးဝန်ကြီး ဂျော့ဂျ် ကော်ဒါဟီရဲ့မှတ်ချက်ကြောင့် ဆော်ဒီအာရေဗျဟာ ဆော်ဒီရှိ လက်ဘနွန်သံတမန်ကို နှင်ထုတ်ခဲ့ပြီး ဘေရွတ်မြို့ရှိ သူ့ရဲ့သံအမတ်ကို ပြန်လည်ခေါ်ယူခဲ့တဲ့အပြင် လက်ဘနွန်သွင်းကုန်တွေကိုလည်း ပိတ်ပင်ခဲ့တာပါ။
ကော်ဒါဟီရဲ့မှတ်ချက်ဟာ လက်ဘနွန်အပေါ် အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာရဲ့ ချုပ်ကိုင်မှု ပိုမိုကျယ်ပြန့်လာခြင်းရဲ့ လက္ခဏာတစ်ရပ် ဖြစ်တယ် လို့ ဆော်ဒီ အစိုးရက ပြောပါတယ်။
စီးပွားရေးအကျပ်အတည်း နက်နက်ရှိုင်းရှိုင်း ရင်ဆိုင်နေရပြီး ဒေသတွင်းနဲ့ နိုင်ငံတကာ အလှူရှင်တွေဆီကနေ ငွေကြေးပံ့ပိုးမှု အပြင်းအထန် လိုအပ်နေတဲ့ လက်ဘနွန်အပါအဝင် ဒေသတွင်းမှာ ဩဇာလွှမ်းမိုးဖို့ ဆွန်နီမွတ်ဆလင် ဆော်ဒီအာရေးဗီးယားနဲ့ ရှီးယိုက်မွတ်ဆလင် အီရန်တို့ဟာ ကာလကြာရှည် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။
အာရပ်စော်ဘွားများပြည်ထောင်စု၊ ဘာရိန်းနဲ့ ကူဝိတ်တို့အပါအဝင် တခြားပင်လယ်ကွေ့ နိုင်ငံတွေ ဟာ လက်ဘနွန်ကို အလားတူ အရေးယူမှုတွေလုပ်ပြီး ဆော်ဒီအာရေးဗီးယားရဲ့ ဦးဆောင်မှုကို လိုက်နာခဲ့ကြပါတယ်။