ဂျပန်စီးပွားရေး ကာကွယ်နိုင်ရန် အလုပ်သမားလစာ တိုးမြှင့်ပေးမည်ဟု ဝန်ကြီးချုပ်ပြော

ကမ္ဘာ့ ငွေကြေးဖောင်းပွမှု မြင့်တက်လာချိန်မှာ ဂျပန့်စီးပွားရေးကို ကာကွယ်ဖို့ အလုပ်သမားတွေရဲ့ လစာတွေ တိုးမြှင့်ပေးသွားမယ်လို့ ဂျပန်ဝန်ကြီးချုပ် ဖှုမိအို ခိရှိဒါ့က ဒီဇင်ဘာ ၆ရက်မှာ ကတိပြုလိုက်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေတဲ့ တရုတ်နဲ့ ခန့်မှန်းလို့ မရတဲ့ မြောက်ကိုရီးယားတို့နဲ့ ဆက်ဆံနေရချိန်မှာ ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးကိုလည်း အားဖြည့်သွားမယ်လို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ ထိုးနှက်မှုကနေ သက်သာစေဖို့ အပိုဘတ်ဂျက် သတ်မှတ်ရေး လွှတ်တော် အထူးအစည်းအဝေး ဖွင့်ပွဲနေ့မှာ ဝန်ကြီးချုပ်က ခုလို ပြောလိုက်တာပါ။
စီးပွားရေး ကောင်းအောင်လုပ်ပြီးပါက ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ဝန်ကြီးချုပ်က ရည်မှန်းထားတာပါ။
ဂျပန်ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံမှုနဲ့ လုပ်ခလစာ တိုးပေးရာမှာ စံချိန်တင် ငွေပုံအောသုံးဖို့ အားပေးရင်း စားသုံးသူတွေ ငွေအသုံးအားနည်းနေပြီး လုပ်အားခ တိုးနှုန်းကျနေတဲ့ သံသရာကို ပြောင်းပြန်လှန်ခြင်းအားဖြင့် ငွေကြေးဖောင်းပွမှုကို ခြေမှုန်းဖို့ ဝန်ကြီးချုပ်က တိုက်တွန်းလိုက်ပါတယ္။
ဝန်ကြီးချုပ်ဟာ တာဝန်စ ထမ်းဆောင်ချိန်တည်းက ဝန်ထမ်းတွေကို ကပ်ဘေးမစခင်က လုပ်ခလစာထက် ၃ ရာခိုင်နှုန်း လစာတိုးပေးဖို့ ကပ်ဘေးကနေ နာလန်ထလာတဲ့ ဂျပန် လုပ်ငန်းတွေကို ဖိအားပေးတိုက်တွန်းခဲ့ပါတယ်။
ဒီလိုတိုးပေးနိုင်ဖို့ အစိုးရက လစာတိုးပေးတဲ့ ကုမ္ပဏီတွေအတွက် အခွန်နဲ့ တခြားစရိတ်စကတွေ လျှော့ပေးတဲ့နည်းနဲ့ ကူညီဖို့ အခြေခံအချက်တွေ သတ်မှတ်ပေးမယ်လို့ ဆိုပါတယ်။
လုံခြုံရေး မူဝါဒနဲ့ ပတ်သက်ပါက ရန်သူတွေရဲ့ အခြေစိုက်စခန်းတွေကို ပစ်ခတ်နိုင်စွမ်း ရယူခြင်း အပါအဝင် ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးကို အခြေခံကျကျ အားဖြည့်မယ်လို့ ဝန်ကြီးချုပ် ခိရှိဒါ့က ပြောပါတယ်။