close

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစနစ် ပြန်သုံးသပ်သင့်ဟု မန္တလေး ကုန်သည်များ ပြော

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ စမ်းသပ်ဖွင့်လှစ်နေပြီး မြန်မာနိုင်ငံဘက်က ပို့သလောက် တရုတ်က သွင်းကုန် ပြန်ဝင်လာမယ့်စနစ် ကျင့်သုံးနေတာကို ညှိနှိုင်းတိုင်ပင်ပြီး ပြန်သုံးသပ်သင့်တယ်လို့ မန္တလေးမြို့ ကုန်သည်တွေက ပြောပါတယ်။

အခု ကျင့်သုံးနေတဲ့ ကုန်သွယ်ရေးနည်းစနစ်ဟာ ငွေကြေး အပေးအယူကြန့်ကြာမှူ၊ ပစ္စည်းစစ်ဆေးရာမှာ ကြန့်ကြာမှူ၊ ကုန်သွယ်ရေးနှောင့်နှေးကြန့်ကြာမှုတွေကြောင့် ပြန်လည် ညှိနှိုင်းသင့်တယ်လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။

“ဒီစနစ်က အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာကတော့ လုံးဝပိတ်တာနဲ့ စာရင်တော့ ဒါက အဆင့်တဆင့်ချင်းကို စတင်ရောက်ရှိလာတာတော့ဟုတ်ပါတယ်။ ဒါက စမ်းသပ်ကာလလို့လည်း ပြောနေတယ်။ စမ်းသပ်ကာလဆိုတော့ ဒီစနစ်ကို တကယ်လို့ အသုံးမတည့်ဘူးဆိုရင်တော့ အခြားနည်းစနစ် မူလဟာပဲ ပြန်သုံးချင်သုံးရမယ်။ နှစ်နိုင်ငံ ညှိနှိုင်း တိုင်ပင်ပြီး ပြန်လည်ပြီးတော့ ဆန်းစစ်သုံးသပ်သင့်တယ်လို့ ကျနော်ကတော့ ကုန်သည်တစ်ယောက်အနေနဲ့ အကြံပြုချင်ပါတယ်။” 

လက်ရှိမှာ မြန်မာနိုင်ငံဘက်က တင်ပို့တဲ့ ကုန်ကား အစီးအရေအတွက်အတိုင်း တရုတ်နိုင်ငံဘက်က ပြန်သွင်းတဲ့စနစ်ကို ကျင့်သုံးနေပြီး မြန်မာဘက်က ပိုးသတ်ပြီးထွက်သွားတဲ့ ကုန်တင်ယာဉ်တွေကို တရုတ်စစ်ဆေးရေးဂိတ်တွေက စိတ်ကြိုက်စစ်ဆေးပြီးမှသာ ဝင်ခွင့်ပေးတယ်လို့ ကုန်သည် နောက်တစ်ဦးက ပြောပါတယ်။

“တောင်သူလယ်ယာထွက်ကုန်တွေကို တရုတ်ပြည်ကို ကျနော်တို့ ပို့ဆောင်တယ်။ တရုတ်ပြည်ကလည်း ကျနော်တို့ ဥပမာ ကွန်တိန်နာ ၄ စီးပို့ရင်လည်း သူတို့ဘက်က ၄ စီးစာ စက်မှု ထုတ်ကုန်တွေအနေနဲ့ အဓိကပေါ့လေ။ လယ်ယာ သုံးပစ္စည်းတို့၊ ဓာတ်မြေသြဇာတို့၊ ပိုးသတ်ဆေးတို့ ဒီလိုမျိုးတွေ ကျနော်တို့ပြန်လည်သွင်းပါတယ်‌။”

ဒါ့ပေမယ့် လက်ရှိမှာတော့ တရုတ်အနေနဲ့ သူတို့ကုန်ပစ္စည်းတွေကို မြန်မာနိုင်ငံဘက် တင်သွင်းနေပြီး မြန်မာဘက်က လယ်ယာ ထွက်ပစ္စည်းတွေကို အဝယ်ပိတ်ထားတယ်လို့ ဆိုပါတယ်။

မြန်မာနဲ့ တရုတ် နှစ်နိုင်ငံကြား တရားဝင်ဂိတ် ကချင်ပြည်နယ်မှာ နှစ်ဂိတ်နဲ့ ချင်းပြည်နယ်မှာ နှစ်ဂိတ်ရှိပြီး လက်ရှိမှာတော့  ချင်းရွှေဟော်နဲ့ ကျင်စန်းကျော့ဂိတ်နှစ်ခုကိုသာ စမ်းသပ်ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up