ရုရှား-ယူကရိန်း အကျပ်အတည်းနှင့် ပတ်သက်၍ စီစဉ်ဆောင်ရွက်နေဟု သမ္မတ ဘိုင်ဒင်ပြော

ယူကရိန်းကို အကျပ်အတည်းဖြစ်အောင် လုပ်ဆောင်နေတဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို အခက်တွေ့စေဖို့ ရည်ရွယ်ပြီး ပြီးပြည့်စုံတဲ့ အစီအစဉ်တွေ အတူလုပ်ဆောင်နေတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဒီဇင်ဘာ ၃ ရက်က ပြောလိုက်ပါတယ်။
အမေရိကန်စီးပွားရေးအကြောင်း အိမ်ဖြူတော် မိန့်ခွန်းအပြီး သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဘိုင်ဒင်က ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
ရုရှား-ယူကရိန်း အကျပ်အတည်းနဲ့ပတ်သက်လို့ ရုရှားရဲ့ လုပ်ရပ်တွေကို သတိပြုမိတာ အချိန်အတော်ကြာနေပြီဖြစ်ပြီး ပူတင်နဲ့ အချိန်အတော်ကြာ ဆွေးနွေးရဦးမယ်လို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ ယူကရိန်းနဲ့ ဥရောပမဟာမိတ်တွေနဲ့ အဆက်မပြတ် အဆက်အသွယ် ရှိကြောင်းလည်း ဘိုင်ဒန်က ပြောပါတယ်။
ရုရှားရဲ့ စည်းကျော်ဘောင်ကျော်လာတဲ့ လုပ်ရပ်တွေကို လက်ခံမှာမဟုတ်ဘူးလို့လည်း ဘိုင်ဒန်က Camp David ကို သီတင်းပတ်ကုန် ခရီးထွက်ခွာချိန်မှာ သတင်းထောက်တွေကို ပြောသွားပါတယ်။ ရက်ပိုင်းအတွင်း ခေါင်းဆောင်နှစ်ဦးကြား ဆက်သွယ်ပြောဆိုမှု တခုခု ရှိလာမယ်လို့ မျှော်လင့်ရပါတယ်။
ယူကရိန်းနယ်စပ်အနီးမှာ ရုရှားတပ်ဖွဲ့ဝင် ၉,၄၀၀ ကျော်ကို နေရာချထားတယ်လို့ ယူကရိန်း အာဏာပိုင်တွေက ပြောကြားပြီး မော်စကိုဟာ ဇန်နဝါရီလကုန်မှာ အကြီးစား စစ်ရေးထိုးစစ်ဆင်ဖို့ စီစဉ်နေတယ်လို့ ထောက်လှမ်းရေးသတင်းတွေကို ကိုးကားပြီး ယူကရိန်းကာကွယ်ရေးဝန်ကြီး အိုလီစီရက်နီကော့ဗ်က သောကြာနေ့အစောပိုင်းမှာ သတိပေးပြောဆိုထားပါတယ်။
ဒါနဲ့ပတ်သက်လို့ မော်စကိုကတော့ မတည်မငြိမ်ဖြစ်အောင် ယူကရိန်းနဲ့ အမေရိကန်တို့က ပြုမူနေတာလို့ စွပ်စွဲပြောကြားလိုက်ပြီး ယူကရိန်း အာဏာပိုင်တွေ အခိုင်အမာ ငြင်းဆိုနေတဲ့ ယူကရိန်း အရှေ့ပိုင်းမှာ ကိယက်ဗ်အစိုးရက သူတို့ကိုယ်ပိုင်ထိုးစစ်ကို စတင်ဖို့ ပြင်ဆင်နေတာ ဖြစ်မယ်လို့ ပြောထားပါတယ်။