လွှတ်တော်အဆောက်အုံတိုက်ခိုက်ခံရမှုမှတ်တမ်း ထိမ်ချန်ရန် ထရမ့်၏တောင်းဆိုမှု တရားရုံး ပယ်ချ

အမေရိကန်လွှတ်တော်အဆောက်အအုံကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်အပေါ် အောက်လွှတ်တော်ရဲ့ စုံစမ်းစစ်ဆေးမှုမှာ အစိုးရမှတ်တမ်းတွေ ထိမ်ချန်ထားဖို့ သမ္မတဟောင်း ဒေါ်နယ်ထရမ့် တောင်းဆိုတဲ့ အယူခံကို ဖက်ဒရယ်တရားရုံးက ပယ်ချလိုက်ပါတယ်။
သုံးပါးထိုင်တရားရုံးက အဲဒီမှတ်တမ်းအထောက်အထားတွေကို ထိမ်ချန်ထားဖို့ ဘာအကြောင်းပြချက်မှ မရှိတဲ့အပြင် ထရမ့်အနေနဲ့ အောက်လွှတ်တော်ရဲ့စစ်ဆေးမှုကို လိုက်နာ ပူးပေါင်းဆောင်ရွက်ရမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
ဇန်နဝါရီ ၆ ရက်က ဂျိုးဘိုင်ဒင်ကို သမ္မတအဖြစ် အတည်ပြုဖို့ လွှတ်တော်အစည်းအဝေး ကျင်းပနေချိန်မှာ ထရမ့်ကို ထောက်ခံတဲ့ လူအုပ်က လွှတ်တော်အဆောက်အအုံထဲ ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီအကြမ်းဖက်မှု ထရမ့်က ဖန်တီးခဲ့တာလား ဆိုတာကို လွှတ်တော်ကော်မတီက စစ်ဆေးနေဆဲပါ။
အခု တရားရုံးဆုံးဖြတ်ချက်ကို အမြင့်ဆုံးတရားရုံးမှာ အရေးပေါ်အယူခံဝင်ဖို့ ထရမ့်အတွက် ၁၄ ရက်ပဲ အချိန်ရှိပါတယ်။