close

ဒီဗွီဘီ သတင်းထောက် ကိုအောင်ဆန်းလင်းကို စစ်တပ်က ရိုက်နှက်ဖမ်းဆီး

ဒီဗွီဘီ သတင်းထောက် ကိုအောင်ဆန်းလင်းကို စစ်ကောင်စီတပ်ဖွဲ့အင်အား ၂၀ လောက်က  ဒီဇင်ဘာ ၁၁ ရက်ည  သန်းခေါင်လောက်မှာ  စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ရှိ  ပင်းဇင်းကျေးရွာ နေအိမ်ကနေ ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

မိသားစုဝင်တဦးက “မနေ့ည ၁၂ နာရီလောက် (ဒီဇင်ဘာ ၁၁ ရက်) လာဖမ်းတာဗျ၊ စစ်သားတွေ အယောက် ၂၀ လောက်ရှိမယ် အိမ်ကို လာဝိုင်းပြီး ဖမ်းတာ၊ ပြီးတော့ ရိုက်ကြတယ်” လို့ ပြောပါတယ်။

ကိုအောင်ဆန်းလင်းကို ဒီဇင်ဘာ ၁၁ ရက်ညက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဝက်လက်မြို့နယ် ရဲစခန်းမှာထားရှိခဲ့ပါတယ်။  ဒီဇင်ဘာ ၁၂ ရက် ညနေ ၃ နာရီလောက်မှာတော့ ရွှေဘိုမြို့ စစ်ကြောရေးကို ခေါ်ဆောင်သွားပြီး တွေ့ခွင့်မရသေးတာကြောင့် မိသားစုဝင်တွေ စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။

ဝက်လက်မြို့နယ်၊ ကျောက်ကုန်းကျေးရွာမှာ ဒီဇင်ဘာ ၁၀ ရက် မနက်က အန်အယ်လ်ဒီ ထောက်ခံသူ ၃ ယောက်ရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေပူးပေါင်းမီးရှို့ခဲ့တဲ့ သတင်းနဲ့ ပတ်သက်ပြီး ဖမ်းဆီးသွားတာ ဖြစ်နိုင်ကြောင်း၊ ဖမ်းဆီးစဉ်က ကိုအောင်ဆန်းလင်းရဲ့ ဖုန်းကို ဖွင့်စစ်ဆေးပြီး ရိုက်နှက်ခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။

ကိုအောင်ဆန်းလင်းဟာ ဒီဗွီဘီ နယ်ခံသတင်းထောက်အဖြစ် လုပ်ကိုင်လာတာ ၄ နှစ်ကျော်ပြီဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း သတင်းသမားတွေကို စစ်ကောင်စီက ဖမ်းဆီးမှုတွေ ရှိနေတဲ့ကြားက သတင်းတွေ ရေးသားပေးပို့နေသူလည်း ဖြစ်ပါတယ်။

ဒီဗွီဘီသတင်းထောက်တွေဖြစ်တဲ့ ကိုအောင်ကျော်၊ ကိုမင်းညိုနဲ့ ကိုသက်နိုင်ဝင်းတို့လည်း ထောင်ဒဏ် ၃ နှစ်နဲ့ ၂ နှစ်စီ အသီးသီး ချမှတ်ခဲ့ရပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့က အကျဉ်းထောင်အသီးသီးကနေ  လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းယူပြီးနောက် သတင်းသမား စုစုပေါင်း ၁၀၀ ကျော် အဖမ်းခံခဲ့ရကာ ၆၆ ဦး ပြန်လည်လွတ်မြောက်ခဲ့ပြီး ၃၅ ဦးမှာ ဆက်လက် ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ Myanmar Press Freedom In-Depth  ကထုတ်ပြန် ထားပါတယ်။

မြန်မာနိုင်ငံဟာ  တရုတ်နိုင်ငံပြီးရင်  သတင်းထောက်တွေကို ထောင်ချတဲ့ ကမ္ဘာ့အဆိုးဆုံး နိုင်ငံ ဖြစ်တယ်လို့ သတင်းသမားများကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ )က ထုတ်ပြန်ထားပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up