close

သရက်မြို့အဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ် ဗုံးခွဲတိုက်ခိုက်ခံရ

မကွေးတိုင်း၊ သရက်မြို့ရဲ့ တောင်ဘက်အဝင် လုံခြုံရေးအကြောင်းပြပြီး ပြုလုပ်ထားတဲ့ စစ်ကောင်စီ စစ်ဆေးဂိတ် ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက် ၅ နာရီဝန်းကျင်က ဗုံးခွဲတိုက်ခိုက်ခံလိုက်ရတာကြောင့် တပ်သား ၄ ဦးထက်မနည်း ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

“မနက်အစောကြီး ဂိတ်မှာဗုံးကွဲသံကြားလို့ကြည့်နေတုန်း အရေးပေါ်ကားတွေရောက်လာတယ်။ အိမ်ထဲကနေ မီးပိတ်ပြီးကြည့်ရတာပေါ့။ အဲ့ဂိတ်မှာ စစ်သားနဲ့ရဲ ၂၀ လောက်ရှိတာ ၄ ယောက်ဒဏ်ရာရလို့ အရေးပေါ်ကားနဲ့တင်ခေါ်သွားတာမြင်တယ်” လို့ ဒေသခံမျက်မြင်တဦးက ပြောပါတယ်။

အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုကို သရက်-ကံမ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သရက်ပြည်သူ့ကာကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက အတည်ပြုပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေကို သရက်ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပေမယ့် ထိခိုက်သေဆုံးမှုအခြေအနေကို အသေးစိတ်သိရှိနိုင်ဖို့ သရက်ပြည်သူ့ဆေးရုံကို ဒီဗွီဘီက အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါဘူး။

ဆေးရုံနဲ့နီးစပ်သူတဦးက ''ဒဏ်ရာရတဲ့သူတွေကို အရေးပေါ်ဌာနကိုလာပို့တာတော့မြင်တယ်။ အထဲမှာ ဘာဆက်လုပ်ကြလည်းတော့မသိဘူး။ စခ၊ ရခတွေကလည်းအများကြီးဆိုတော့ မသွားရဲဘူး” လို့ ပြောပါတယ်။

အဆိုပါစစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ ဧပြီလကတည်းက တိုက်ခိုက်ခံခဲ့ရသေးလို့ စစ်ကောင်စီဝင်အချို့ ထိခိုက်ဒဏ်ရာရရှိသွားကြသေးတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up