close

ဂန့်ဂေါတွင် စစ်ကောင်စီယာဉ်တစီး တိုက်ခိုက်ခံရပြီး အပြစ်မဲ့ပြည်သူ ၅ ဦးထက်မနည်း ဖမ်းဆီး

မကွေးတိုင်း၊ ဂန့်ဂေါမြို့မှာ လုံခြုံရေးအကြောင်းပြပြီး ဂန့်ဂေါမြို့ထဲကို လှည့်ပတ်မောင်းနေတဲ့ စစ်ကောင်စီရဲ့ မော်တော်ယာဉ် ၁ စီးကို ဒီဇင်ဘာ ၁၂ ရက်နေ့ ညနေ ၅ နာရီခွဲဝန်းကျင်ခန့်က ဗုံးခွဲတိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အမည်မဖော်လိုတဲ့ဒေသခံတဦးက “စစ်ကောင်စီကားသွားတဲ့ လမ်းမှာ ဗုံးကွဲသံကြားလိုက်ရတယ်။ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတွေက မြစ်သာခန်းမနားမှာ သေနတ်တွေ ပစ်ဖောက်ပြီးတော့ ပြည်သူ ၅ ဦးထက်မနည်း ဖမ်းဆီးခံရတယ်။ ဘယ်သူတွေအဖမ်းခံရပြီး ဘယ်နေရာကို ဖမ်းခေါ်သွားလည်း မသိသေးဘူး” လို့ ပြောပါတယ်။

ဗုံးခွဲတိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီတပ်သားတွေ သေဆုံးထိခိုက်ဒဏ်ရာရရှိမှုအခြေအနေ အသေးစိတ်သိရှိနိုင်ဖို့ ဒီဗွီဘီက ဆက်လက်စုံစမ်းနေပါတယ်။

အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုကို ဘယ်ဖွဲ့အစည်းက ပြုလုပ်တယ်ဆို တာဝန်ယူထုတ်ပြန်ကြေညာထားတာတော့ မရှိသေးပါဘူး။

“ဂန့်ဂေါမြို့မှာ အခုတလောရက်ပိုင်း စစ်ကောင်စီတပ်တွေ အစစ်အဆေးတင်းကျပ်နေပြီး အပြစ်မဲ့ပြည်သူတွေ ဖမ်းဆီးခံရတာတွေလည်း ခပ်စိပ်စိပ်ဖြစ်နေလို့ ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိအမြဲရှိဖို့ လိုအပ်ပါတယ်” လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက သတိပေးပါတယ်။

မကွေးတိုင်းအတွင်းက ထီးလင်း-ကျောက်ထုနယ်စပ် ထီးလင်း-ကျောက်ထုနယ်စပ်လမ်းပိုင်း၊ ကျောက်ထု-ဆာကြားလမ်းပိုင်းရဲ့ နေရာတချို့မှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပေါ်နိုင်လို့ ပြည်သူတွေအနေနဲ့ သေရေးရှင်ရေးကိစ္စတွေကလွဲပြီး လမ်းပေါ်မထွက်ကြဖို့ ကျောက်ထု-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Kyaukhtu PDF) က အသိပေးထုတ်ပြန်ထားပါတယ်။

ကျောက်ထု၊ ထီးလင်း၊ ဂန့်ဂေါ၊ ကလေး၊ ပေါက်၊ ယောနဲ့ ဆောမြို့နယ်တွေမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်တွေအထိနာပြီး သေဆုံးထိခိုက်ပျက်ဆီးမှု များပြားနေသလို စစ်အင်အားတွေ တိုးမြှင့်ချထားတာတွေပြုလုပ်နေကာ ကျေးရွာအချို့က နေအိမ်တွေကိုလည်း စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်ပေါ်ဒေသယောနယ်က ပြည်သူလူထုတွေ စားနပ်ရိက္ခာရှားပါးမှုကို အခွင့်ကောင်းယူပြီး စစ်ကောင်စီနဲ့ပူးပေါင်းကာ ကုန်ပစ္စည်းတွေကို စျေးတင်ရောင်းချနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း ထိရောက်စွာအရေးယူသွားမယ်လို့ ယော-ကျောက်ထု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးချက်ထုတ်ပြန်ထားပါ

တယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up