ဟေတီလောင်စာဆီကားပေါက်ကွဲမှု သေဆုံးသူ ၇၅ ဦးရှိလာ၊ သေဆုံးသူများကို အစုလိုက်မြှုပ်နှံ

ဟေတီနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ Cap-Haitien ကို တုန်လှုပ်သွားစေခဲ့တဲ့ လောင်စာဆီ ထရပ်ကား ပေါက်ကွဲမှုကြောင့် သေဆုံးသူဦးရေ ၇၅ ဦးအထိ မြင့်တက်လာပြီး သေဆုံးခဲ့ရသူ ဒါဇင်ပေါင်းများစွာကို ဒီဇင်ဘာ ၁၅ ရက်မှာ အစုလိုက်အပြုံလိုက် မြှုပ်နှံခဲ့ပါတယ်။
လောင်စာဆီအတွက် ထရပ်ကားကို အသည်းအသန် လာချဉ်းကပ်ရှာဖွေကြတဲ့ ဒေသခံတွေ ပိုမိုသေဆုံးကြတာဖြစ်ပြီး ဒဏ်ရာရသူတွေကို ကုသပေးဖို့ ဆရာဝန်တွေက အတတ်နိုင်ဆုံး ကြိုးပမ်းနေကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ အခင်းဖြစ်ပွားရာနေရာမှာ ရုပ်အလောင်း ၆၁ လောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
နောက်ထပ်လူ ၁၄ ဦးကလည်း ဒဏ်ရာတွေ ဆေးကုသမှုခံယူနေချိန်မှာ သေဆုံးခဲ့ကြောင်း မြို့တော်ရဲ့ အဓိကဆေးရုံ ဒါရိုက်တာတစ်ဦးက ပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာ ၁၅ ရက်နေ့မှာတော့ ဟေတီဝန်ကြီးချုပ် Ariel Henry က ၃ ရက်ကြာ နိုင်ငံတော်ဝမ်းနည်းခြင်းနေ့ကို ကြေညာခဲ့ပါတယ်။
ဒီဇင်ဘာ ၁၃ ရက်ညက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြီးကြောင့် အနီးနားက အိမ်တွေနဲ့ ဈေးဆိုင်တော်တော်များများရဲ့ မျက်နှာစာတွေကို မီးလောင်ကျွမ်းခဲ့ပြီး လမ်းပေါ်ရှိ ကားတွေနဲ့ ဆိုင်ကယ်တွေလည်း ပျက်စီးခဲ့ပါတယ်။