close

သရုပ်ဆောင်ရဲတိုက် ဦးနှောက်ကျုံ့ဝေဒနာကြောင့် မေ့လဲသွားခြင်းဖြစ်ကြောင်း ရှေ့နေပြော

သရုပ်ဆောင်ရဲတိုက်ဟာ ဦးနှောက်ကျုံ့တဲ့ ဝေဒနာခံစားရတာကြောင့် တရားခွင်မှာ မေ့လဲသွားတာဖြစ်ပြီး အင်းစိန်ထောင်ဆေးရုံမှာ ဆက်လက်ကုသမှုခံယူနေရတယ်လို့ သူ့ရဲ့ရှေ့နေက ပြောပါတယ်။

လသာရဲစခန်းကစွဲဆိုထားတဲ့ ၅၀၅(က)အမှုအတွက် ရုပ်ရှင်သရုပ်ဆောင်ရဲတိုက်ဟာ ဒီဇင်ဘာ ၁၅ ရက်နေ့က အင်းစိန်ထောင်တွင်း အထူးတရားရုံး တရားခွင်မှာ အမှုရင်ဆိုင်နေတုန်း ရုတ်တရက်မေ့လဲသွားခဲ့တာပါ။ 

တရားခွင်ကိုရောက်လာချိန်မှာ သရုပ်ဆောင်ရဲတိုက်ဟာ ကိုယ်ပူချိန်မြင့်မားပြီး ဖျားနာကာ မေ့လဲခဲ့တာဖြစ်ပြီး တရားခွင်မှာ အမှုရင်ဆိုင်ဖို့ရောက်နေတဲ့ ဖမ်ဆီးခံ အထူးကုဆရာဝန်ကြီး ဒေါက်တာမော်မော်ဦးနဲ့ အင်းစိန်ထောင်ဆရာဝန်တွေက ဝိုင်းဝန်းကုသပေးပေမယ့် သတိပြန်မလည်လာတဲ့အတွက် အင်းစိန်ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။ 

သူ့ရဲ့ရှေ့နေ ဦးခင်မောင်မြင့်က "သတိလည်လာပြီးနောက်မှာ အင်းစိန်ဆေးရုံကြီးကနေမှ မြောက်ဥက္ကလာပဆေးရုံကြီးမှာ သွားပြီးတော့ ဦးခေါင်းနဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဓာတ်မှန်ရိုက်ပါတယ်။ ဓာတ်မှန်ရိုက်တဲ့အခါမှာ ထူးထူးခြားခြားအကြောင်းအရာမရှိဘူး။ ဦးနှောက်ကျုံ့သွားတယ်လို့ပြောပါတယ်။ ကျုံ့သွားလို့ မူးလဲသွားတယ်လို့ ပြောပါတယ်။ မျက်မြင်အခြေအနေအရ ဖျားနေတာကလွဲလို့ ထူးထူးခြားခြားအခြေအနေမရှိတဲ့အတွက် ညနေ ၄ နာရီမှာ အင်းစိန်ထောင်ဆေးရုံမှာပြန်တင်ပြီး ကုသထားတယ်လို့သိရပါတယ်။ ဒီနောက်ပိုင်းကတော့ သူနဲ့လူချင်းမတွေ့ရတော့ လက်ရှိအခြေအနေကို မပြောနိုင်ဘူးပေါ့လေ" လို့ ပြောပါတယ်။

ကိုဗစ်တတိယလှိုင်းအပြီး အင်းစိန်ထောင် Lock Down ပြန်ဖြေပြီးနောက်ပိုင်း စက်တင်ဘာ ၂၉ ရက်နေ့မှာ သရုပ်ဆောင်ရဲတိုက်ရဲ့ အမှုတွေကို ထောင်တွင်းတရားရုံးက ပြန်လည်စစ်ဆေးခဲ့တာဖြစ်ပါတယ်။ 

လက်ရှိအချိန်အထိ တရားလိုပြသက်သေတွေကို စစ်ဆေးတဲ့အခြေအနေမှာပဲ ရှိသေးပြီး နောက်ရုံးချိန်းတွေကို ဆက်စစ်ဆေးဖို့ကတော့ ရဲတိုက်ရဲ့ ကျန်းမာရေးအခြေအနေအပေါ်မူတည်တယ်လို့ ရှေ့နေဦးခင်မောင်မြင့်ကပြောပါတယ်။

"အမှုဆက်စစ်ဖို့ကတော့ သူ့ကျန်းမာရေးအခြေအနေပေါ်မူတည်မှာဗျ။ လာမယ့် ၂၃ ရက်နေ့မှာ မရမ်းကုန်းမှာ စွဲထားတဲ့ မူးယစ် ၁၆ (ဂ) ကို စစ်ဖို့ချိန်းထားတာရှိတယ်။ အဲ့ဒီမှာ အခြေအနေစောင့်ကြည့်ရမှာပေါ့။ ၅၀၅ က ၂၂ ရက်နေ့၊ မူးယစ်က ၂၃ ရက်နေ့ ပြန်ချိန်းထားပါတယ်။"

သရုပ်ဆောင်ရဲတိုက်ကို လသာရဲစခန်းက ၅၀၅(က)၊ မရမ်းကုန်းရဲစခန်းက မူးယစ်ပုဒ်မ ၁၆ (ဂ) တို့နဲ့ တရားစွဲထားတာဖြစ်ပါတယ်။ မေလ ၄ရက်နေ့မှာ သရုပ်ဆောင် ရဲတိုက်ကို ပုဒ်မတပ်အမှုစတင်စွဲဆိုခဲ့ပြီး Facebook နဲ့ မီဒီယာတွေပေါ်ကအချက်အလက်တွေကို ရဲစခန်းတွေက သက်သေအဖြစ်အသုံးပြုတရားစွဲခဲ့တာဖြစ်ပါတယ်။  

သရုပ်ဆောင်ရဲတိုက်ကို ဧပြီ ၃ ရက်နေ့က မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံမှာ စတင်ဖမ်းဆီးခဲ့တာဖြစ်ပြီး အချိန် ၈ လကျော် အင်းစိန်ထောင်ထဲမှာ ထိန်းသိမ်းခံထားရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up