လုံခြုံရေးဆိုင်ရာအာမခံချက်ရလျှင် အမေရိကန်နှင့်ချက်ချင်းဆွေးနွေးမည်ဟု ရုရှားပြော

ရုရှားက သူရဲ့ လုံခြုံရေးဆိုင်ရာလိုလားချက် တောင်းဆိုတဲ့စာရင်းကို တင်ပြလိုက်ပြီး အဲဒီ အချက်တွေ အာမခံပါက အမေရိကန်နဲ့ ချက်ချင်း ဆွေးနွေးနိုင်တယ်လို့ ပြောပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေရေကော့ဗ်က“အနောက်အုပ်စုနဲ့ ရုရှားကြား ဆက်ဆံရေး ပြန်တည်ဆောက်ဖို့ဆိုရင် ဘာအကန့်အသတ်မှမထားတဲ့ သုညအခြေနေက စရ လိမ့်မယ်။ အရှေ့ဥရောပနဲ့ ယူကရိန်းမှာ နေတိုးမဟာမိတ်အဖွဲ့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို စွန့်လွှတ်ရမယ်။ အဲဒီလုံခြုံရေးအာမခံချက်တွေရမှ ရုရှားဘက်က အနောက်အုပ်စုနဲ့ စဆွေးနွေး နိုင်မယ်” လို့ အွန်လိုင်းက ပြောသွားပါတယ်။
ရုရှားတောင်းဆိုတဲ့အချက်ထဲမှာ ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ် လက်ခံပါက ရုရှားက ဗီတိုနဲ့ ပယ်ချမယ် ဆိုတာလည်း ပါဝင်ပြီး ဒါက အနောက်အုပ်စု လုံးဝ လက်မခံနိုင်တဲ့အချက်ပါပဲ။
ရုရှားရဲ့ တောင်းဆိုချက်တွေဟာ ယူကရိန်းပြဿနာကို ပြေလည်စေဖို့နဲ့ အနောက်အုပ်စုနဲ့ တင်းမာမှုလျော့ကျစေဖို့ နည်းလမ်းပါလို့ ပြောပါတယ်။
သူက အမေရိကန်အနေနဲ့ ရုရှားရဲ့တင်ပြချက်တွေကို အလေးအနက်ထားစဉ်းစားပြီး အပြု သဘောဆောင် တုံ့ပြန်ဖို့ တိုက်တွန်းပါတယ်။
တောင်းဆိုချက်တွေကို လက်ခံပါက ဂျနီဗာ သို့မဟုတ် ဘယ်နေရာမဆို ရုရှားဆွေးနွေးရေးအဖွဲ့ကို လွှတ်ဖို့ အသင့်ပဲလို့ ဆိုပါတယ်။
အမေရိကန်နဲ့ ဥရောပကတော့ ရုရှားက ယူကရိန်းကို ဝင်ရောက်ကျူးကျော်ဖို့ တပ်တွေ ဖြန့်ချထားတယ်လို့ စွပ်စွဲထားပြီး နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားခြင်းဟာလည်း ယူကရိန်းရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြစ်ပြီး ရုရှား ဝင်စွက်ဖက်စရာအကြောင်း မရှိလို့ ပြောထားပါတယ်။