နျူကလီးယားဒုံးကျည်များ ချထားမှု ရုရှားစွပ်စွဲချက် နေတိုးအဖွဲ့ပယ်ချ

ရုရှား စွပ်စွဲသလို ဥရောပမှာ တာလတ်ပစ် နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်တွေ ဖြန့်ကြက်ချထားဖို့ အစီအစဉ်မရှိကြောင်း မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးက ဒီဇင်ဘာ ၁၄ ရက်မှာ ပယ်ချလိုက်ပါတယ်။
နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် ယန်းစတော့တန်ဘာ့ဂ်က “ဒီသဘောတူညီချက် ပျက်စီးတာ မြင်ခဲ့ရပြီးပြီ။ ဘာလို့လဲဆိုတော့ ရုရှားကိုယ်တိုင်က ဥရောပမှာ နျူကလီးယားထိပ်ဖူးတပ်နိုင်တဲ့ တာလတ်ပစ် ဒုံးကျည်အသစ်တွေကို တပ်ချပြီး သဘောတူညီချက်ကို ချိုးဖောက်ခဲ့ပြီးပြီ"လို့ သတင်းထောက်တွေကို ဘရပ်ဆဲလ်မြို့မှာ ပြောပါတယ်။
ရုရှားကိုယ်တိုင်က တာလတ်ပစ်ဒုံးကျည် တပ်ဖွဲ့ဆိုင်ရာ သဘောတူညီချက် INFကို ချိုးဖောက်ခဲ့တာ နှစ်ပေါင်းများပြီလို့လည်း ပြောလိုက်ပါတယ်။
ရုရှားအစိုးရက သူ့ရဲ့ SSC-8 ဒုံးကျည်တွေကို ဖျက်ဆီးမပစ်မချင်း တာလတ်ပစ် ဒုံးကျည်အစီအစဉ် တရားဝင်ဆိုင်းငံ့ရေး ရုရှားရဲ့ ဆော်ဩချက်က ယုတ္တိရှိမှာ မဟုတ်ဘူးလို့လည်း သူက ဆက်ပြောပါတယ်။
ကီလိုမီတာ ၅၀၀ ကနေ ၅၅၀၀ ကြား အကွာအဝေးကို ပစ်ခတ်နိုင်တဲ့ တာလတ်ပစ် နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်တွေကို တားမြစ်ပိတ်ပင်ရေး INF သဘောတူညီချက်ကို ၁၉၈၇ ခုနှစ်မှာ ဆိုဗီယက်ခေါင်းဆောင် မီခေးလ်ဂေါ်ဗာချာ့ဗ်နဲ့ အမေရိကန်သမ္မတ ရော်နယ်ရေဂင်တို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။