close

ဖားကန့်က စွန့်ပစ်မြေစာပုံပြိုကျ နစ်မြုပ်သွားသူများကို ရှာမတွေ့ရသေး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနကျေးရွာနဲ့ ဆိုင်းဂျာဘုံကျေးရွာကြားက တရားမဝင်ကျောက်စိမ်းတူးဖော်လုပ်ငန်းခွင်မှာ ဒီဇင်ဘာ ၁၈ ရက်ည သန်းခေါင်ကျော်လောက်က     စွန့်ပစ်မြေစာပုံပြိုကျခဲ့လို့ သေဆုံးပျောက်ဆုံးသူတွေကို ရှာမတွေ့သေးဘူးလို့ကယ်ဆယ်ရေး လုပ်သားတွေက ပြောပါတယ်။ 

မြေစာပြိုရာမှာ လူခြောက်ဦးထက်မနည်းသေဆုံးနိုင်ပြီး ပျောက်ဆုံးသူ ငါးဦးကိုတော့ အတည်ပြုထားနိုင်ပြီလို့  အမည်မဖော်လိုတဲ့ ကယ်ဆယ်ရေးလုပ်ဆောင်နေသူတဦးက  ဒီဗွီဘီကို ပြောပါတယ်။ မြေစာပြိုရာမှာ သေဆုံးပျောက်ဆုံးသူ ၁၀ ယောက်လောက်ရှိနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

သေဆုံးသူစာရင်းဟာ  ဒီထက်ပိုများနိုင်ပြီး ရေမဆေးလောပန်းတချို့က နစ်နာကြေးပေးရမှာနဲ့ အမှုပတ်မှာကြောက်ပြီး လူပျောက်မတိုင်ကြားရဲကြသလို ၊ တချို့ကိုယ့်ရိက္ခာနဲ့ကိုယ်ရှာနေတဲ့ တကိုယ်တော် ရေမဆေးသမားတွေလည်း ရှိနေတာကြောင့် အဲဒီလိုလူတွေပါသွားရင် ဘယ်သူမှမသိရဘူးလို့လည်း ရေမဆေးသမားတွေက ပြောပါတယ်။

မြေစာပြိုရာမှာ နစ်မြုပ်သွားသူတွေကို ဖားကန့်မြို့နယ်အတွင်းမှာရှိတဲ့ ဖားကန့်၊ ဆိပ်မူ၊ လုံးခင်း ကျေးရွာအုပ်စုတွေက လူမှုကယ်ဆယ်ရေးအဖွဲ့အင်အား ၂၀၀ လောက်က  နစ်မြုပ်သွားသူတွေကို ရှာဖွေဆယ်ယူဖို့ ကြိုးစားပေမဲ့မအောင်မြင်ခဲ့ဘူးလို့ လူမှုကူညီရေးအသင်းခေါင်းဆောင်တဦးက ပြောပါတယ်။

"မြေပြိုတာက ၁၈ ရက် ည ၁၂ နာရီလောက်ကဖြစ်တာ၊ ဒီနေ့နဲ့ဆို ၂ ရက်တင်းတင်းပြည့်ပြီ၊ မြေစာက သုံးဆင့်ပြိုကျတာဆိုတော့ မြေစာကထပ်ထပ်ပြီး ဖိသလိုဖြစ်နေတာ၊ ရုပ်အလောင်းတွေ ပုပ်ပြီးပေါ်လာမှပဲ စောင့်ဆယ်လို့ရမယ်ဗျ။”

ဖားကန့်ရတနာနယ်မြေမှာ တရားမဝင် ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းတွေ အမြောက်အမြားသုံးပြီး စည်းကမ်းမဲ့ တူးဖော်နေတာကြောင့် လုပ်ငန်းခွင် ထိခိုက်သေဆုံးမှုနဲ့ လူသေဆုံးမှု တွေ ဖြစ်ပေါ်နေခဲ့ပြီးနောက်ပိုင်းမှာ ဒီထက် ဆိုးဝါးလာနိုင်တဲ့ အခြေအနေတွေ ဖြစ်လာနိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဖားကန့်ရတနာနယ်မြေမှာ ကျောက်စိမ်းအရိုင်း တူးဖော်မှုလုပ်ငန်းတွေကို အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ သယံဇာတနှင့်သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက တားမြစ်ထားပေမဲ့ နယ်မြေခံခြေလျင်တပ်မ ၃၃ က လုပ်ငန်းရှင်တွေကို လစဉ်ကြေးကောက်ခံပြီး တရားမဝင်တူးဖော်ခွင့်ပြုထားတာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up