မွန်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက အမှု ၃ မှု ထပ်တိုး

ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက နောက်ထပ် အမှု ၃ မှု ထပ်တိုး ဖွင့်လှစ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့သူတွေက ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီက ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) ၊ ပုဒ်မ ၁၇၁ (စ) အပါအဝင် အမှု ၃ မှု ထပ်တိုးဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီက ထပ်တိုးဖွင့်လှစ်လိုက်တဲ့ အမှုတွေဟာ ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတာ၊ ရွေးကောက်ပွဲမှာ မသမာတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။
ဒါကြောင့် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် စစ်ကောင်စီက ဖွင့်လှစ်ထားတဲ့ အမှုပေါင်း ၁၃ မှုထိ ရှိလာခဲ့ပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက တာဝန်ယူစဉ် လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး စီးပွားရေး လုပ်ငန်းရှင်တွေဆီက ငွေကြေး ရယူခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ အမှု ၉ မှု လည်း ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှုတွေကတော့ တရားလိုပြ သက်သေတွေကို စစ်ဆေးပြီးစီးသွားပြီးဖြစ်လို့ စွဲချက်တင်သင့် မသင့် နှစ်ဖက်လျှောက်လဲချက်ပေးရမယ့် အဆင့်ထိ ရောက်ရှိနေပြီး ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၇ ရက်က ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ဖြင့် ပုဒ်မ ၅၀၅ (ခ) နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ထားပါတယ်။