close

မုံးကိုးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ MNDAA သိမ်းဆည်းရမိ

ဒီဇင်ဘာလ ၁၉ ရက်နေ့ အထူးဒေသ(၁)မုံးကိုးခရိုင်၊ ဖောင်းဆိုင်ဒေသမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဆီက စစ်ဘက်ဆိုင်ရာ ပစ္စည်းအမြောက်အမြား သိမ်းဆည်းရမိခဲ့တယ်လို့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA (ကိုးကန့်) က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်နေ့က အထူးဒေသ(၁)မုံးကိုးခရိုင်၊ ဖောင်းဆိုင်ဒေသရှိ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA(ကိုးကန့်) ရဲ့ မန်ရန်တပ်စခန်းကို စစ်ကောင်စီ တပ်မ ၉၉ လက်အောက်ခံတပ်ရင်း ၁၅၊ ၅၉၊ ၁၅၊  ၇၉၊ ၁၁၃ နဲ့ တပ်မ ၇၇ လက်အောက်ခံ ၃၁၃ တပ်ရင်းတွေက အင်အား ၅၀၀ ကျော် စုဝေးပြီး ၁၀ ကြိမ် ထိုးစစ်ဆင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း မြေပြင်အမြောက်အဖွဲ့က မတူညီတဲ့ လက်နက်ကြီး အမြောက် ၁၅၀၀ ကျော် ပစ်ခတ်ခဲ့ပြီး တိုက်လေယာဉ်တွေနဲ့ ပူးပေါင်း ဗုံးကြဲခဲ့ကြောင်း၊ တစ်နေ့လုံး နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်  မုံးကိုးခရိုင် ဟုဟောင်းအနောက်ဘက် တောင်တန်းနဲ့ မူပန်(သိန္နီ) ရဲ့ ပန်ခမ်းဒေသနောက်ဘက်ခြမ်းမှာလည်း နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့သလို  MNDAA တပ်ဖွဲ့ရဲ့ ချင်ချိုင့်ထန် လုံခမ်တပ်စခန်း နဲ့ လှိုင်ရှိန်တောင်တန်းကိုလည်း စစ်ကောင်စီက တိုက်လေယာဉ်နဲ့ တစ်ကြိမ်လာရောက်ပစ်ခတ်ပြီး ရှိကျိကျတောင်တန်းနဲ့ ပန်းရင်လပ တပ်စခန်းကိုလည်း မြေပြင်ကနေ လက်နက်ကြီးတွေနဲ့ အကြမ် ၇၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ ကိုးကန့်တပ်က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာကျဆုံး ၁၀၀ နီးပါရှိခဲ့ကြောင်း၊ စစ်မြေပြင်မှာလည်း စစ်ကောင်စီတပ်သား အလောင်းများစွာကျန်ရှိခဲ့ပြီး ဒဏ်ရာရသူ ၈၀ ကျော်ရှိကြောင်း၊ MNDAA(ကိုးကန့်) ဘက်ကတော့ ၂ ဦးကျဆုံးပြီး ၆ ဦးဒဏ်ရာရရှိတယ်လို့ ဆိုပါတယ်။

စစ်မြေပြင်မှာ ကျန်ရှိခဲ့တဲ့ စစ်ကောင်စီ တပ်သားအလောင်းတွေကို မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ မုံးကိုးခရိုင် မန်ရန်တိုက်ပွဲပြီးနောက် စစ်အင်အားများစွာ ထပ်မံဖြည့်တင်းနေတာကြောင့် နှစ်ဖက် စစ်ရေးအခြေအနေ ပိုမိုတင်းကျပ်လာနိုင်ကြောင်းလည်း MNDAA တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်စဉ်နဲ့ သေဆုံးဒဏ်ရာရမှုအခြေအနေကို စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up