ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကလေး PDF တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း ကလေးမြို့နယ် အနောက်တောင်ဘက် စက္ကန့်၊ ကျောက်ဂူဘက်မှ တောင်ခြေတလျှောက် စစ်ကြောင်းလျှောက်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကလေး PDF တို့ ဒီဇင်ဘာလ ၂၀ ရက်မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်ရင်း ၅ စခန်းဟောင်းနေရာတစ်ခုကို စစ်ကောင်စီတပ်တွေက ဝင်ရောက်မီးရှို့ခဲ့တယ်လို့ သိရပါတယ်။
ကလေးမြို့ စီးစံကျေးရွာအနောက်ဘက် ဆုတောင်းကုန်းအနီးမှာ ဒီဇင်ဘာ ၂၀ ရက်နေ့ မနက် ၁၀ နာရီလောက် စစ်ကောင်စီတပ်နဲ့ ကလေး PDF၊ CNDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး တောင်ဖီလာတောင်ပေါ် အထိုင်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ တရစပ်ပစ်ခတ်ပြီး စီးစံရွာမှာ ညနေ ၅ နာရီလောက် ဝင်ရောက်တပ်စွဲခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ကြီးထိမှန်တာကြောင့် စီးစံရွာရှိ နေအိမ် ၂ လုံးနဲ့ ဆင်တောရွာရှိ နေအိမ် ၂ လုံး ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်က စီးစံရွာက နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကလေး PDF က ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
စီးစံရွာအတွင်းတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကလေး PDF နဲ့ CNDF ပူးပေါင်းတပ်ဖွဲ့တွေက ည ၈ နာရီလောက် သွားရောက်ပစ်ခတ်ခဲ့ပြီး မိနစ် ၃၀ လောက် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီစစ်သား ၂ ဦးကျဆုံးပြီး ကလေး PDF နဲ့ CNDF ပူးပေါင်းတပ်ဘက်က ၁ ဦးကျဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကလေးမြို့နယ်တောင်ပိုင်းမှာ တိုက်ပွဲတွေ အချိန်မရွေး ထပ်မံဖြစ်ပွားနိုင်တာကြောင့် ပြည်သူတွေ လုံခြုံသတိ သွားလာကြဖို့ ကလေး PDF က မေတ္တာရပ်ခံထားပါတယ်။
တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။