ထိုင်းတွင် အသက် ၅ နှစ်မှ ၁၁ နှစ်ထိ ကလေးများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခွင့်ပြု

ထိုင်းနိုင်ငံမှာ အသက် ၅ နှစ်မှ ၁၁ နှစ်ရွယ် ကလေးတွေကို Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးဖို့ ထိုင်းအစားအစာနဲ့ဆေးဝါးဦးစီးဌာနက ခွင့်ပြုချက်ပေးလိုက်တယ်လို့ ထိုင်း PBS သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းကလေးတွေကို ကာကွယ်ဆေးထိုးဖို့ Pfizer ကုမ္ပဏီက တင်ပြထားတာကို ထိုင်းအစာနဲ့ဆေးဝါးဌာနက ခွင့်ပြုလိုက်တဲ့နောက် ထိုင်းအစိုးရက အသက် ၅ နှစ်မှ ၁၁ နှစ်ကြား ကလေးပေါင်း ၅ သန်းကျော်ကို Pfizer ကာကွယ်ဆေးရရှိအောင် ဆောင်ရွက်သွားမယ်လို့ ထိုင်းအစိုးရအိမ်တော် ပြောရေးဆိုခွင့်ရှိသူ နန်းဆောင်ရာ့ချ်ဒါး ထနာဒီးဒေက ထုတ်ပြန်ပါတယ်။
အသက် ၅ နှစ် နဲ့ ၁၁ နှစ်ကြား ကလေးတွေအတွက် ကိုဗစ်ဆေးပြင်းအား ၃ ပုံ ၁ ပုံ လျှော့ထားပေးပြီး ပထမတကြိမ်ထိုးနှံပြီးတဲ့နောက် နောက်ထပ်ရက်ပေါင်း ၂၁ ရက်အကြာမှာ ဒုတိယအကြိမ်ထပ်ထိုးရမယ်လို့ ဆိုပါတယ်။
ဒီမတိုင်ခင်ကတော့ အသက် ၁၂ နှစ်နဲ့အထက် လူငယ်လူရွယ်ကျောင်းသားတွေကို Pfizer ထိုးပေးခဲ့တာပါ။
ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ဗီဇကွဲ အိုမီခရွန်ပိုးကူးစက်ခံရသူ ၆၅ ဦး အတည်ပြုထားပြီး နောက်ထပ် ၂၀ ကျော်ကိုမှာလည်း သက်ဆိုင်ရာရဲ့ အတည်ပြုချက်ကို စောင့်ဆိုင်းနေဆဲဖြစ်ပါတယ်။
ထိုင်းရဲ့ ဒီကနေ့ကိုဗစ်-၁၉ အခြေအနေမှာ ပိုးတွေ့လူနာသစ် ၂၄၇၆ ဦးရှိပြီး သေဆုံးသူ ၃၂ ဦးရှိပါတယ်။ မနှစ် ၂၀၂၀ ပြည့်နှစ်ကနေ ဒီကနေ့ ဒီဇင်ဘာ ၂၁ ရက်အထိ ကိုဗစ်-၁၉ ပိုးကူးစက်ခံထားရသူပေါင်း ၂၁၉၆၅၂၉ ဦး ၊ သက်သာပျောက်ကင်းသူပေါင်း ၂၁၃၆၁၉၇ ဦး နဲ့ သေဆုံးသူပေါင်း ၂၁၄၄၀ ဦးရှိပါတယ်။