အရာတော်တွင် စိုက်သီးနှံများ ဘေးအန္တရာယ်ကင်းကင်းရိတ်သိမ်းခွင့်ပြုရန် သံဃာတော်များ မေတ္တာရပ်ခံ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ကျေးရွာ ၁၄ ရွာက တောင်သူလယ်သမားတွေ စပါးနဲ့မြေပဲသီးနှံ အန္တရာယ်ကင်းဘေးရှင်းစွာ ရိတ်သိမ်းနိုင်ဖို့အတွက် ထိန်းသိမ်းစောင့်ရှောက်ပေးကြဖို့ စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ်ကို နေပြည်တော်၊ မန္တလေး၊ အမရပူရမြို့တွေက ဆရာတော် သံဃာတော်တွေက ဒီဇင်ဘာ ၂၁ ရက်နေ့က မေတ္တာရပ်ခံစာ ပို့ခဲ့တယ်လို့ သိရပါတယ်။
အရာတော်မြို့နယ်၊ သလဲဘာရွာ၊ အလယ်ရွာ၊ လက်ပံသာရွာ၊ စပါးတွင်းရွာ၊ ဆိပ်ဖူးကြီးရွာ၊ ဆင်တလည်ရွာ၊ ကဲဘာရွာ၊ ညောင်ခြေထောက်ရွာ၊ ငါးကင်းရွာ၊ သရက်ချိုရွာ၊ ကျောက်ကုန်းရွာ၊ ရွှေစည်းခုံရွာ၊ သာစည်ရွာ၊ မင်းရွာ စတဲ့ရွာတွေမှာ စပါးနဲ့မြေပဲသီးနှံတွေ အန္တရာယ်ကင်းဘေးရှင်းစွာ ရိတ်သိမ်းနိုင်ဖို့အတွက် သံဃာတော် ၁၅ ပါးကိုယ်စား နေပြည်တော် ချမ်းမြေ့မြိုင်ဆရာတော်က စစ်ကောင်စီခန့်တိုင်း ဝန်ကြီးချုပ်ကို တောင်းဆိုခဲ့တာပါ။
မေတ္တာရပ်ခံတောင်းဆိုထားတဲ့ ဆရာတော်သံဃာတော်တွေကတော့ အမရပူရမြို့ မဟာဂန္ဓာရုံနာယကချုပ်ဆရာတော်၊ မန္တလေးမြို့ မဟာမြိုင်နာယကချုပ်ဆရာတော်၊ နေပြည်တော် ချမ်းမြေ့မြိုင်ဆရာတော်၊ သလဲဘာရွာ နေမိန္ဒာရာမတောရကျောင်း၊ သရက်ချို ကျောက်ကုန်းရွာ ဓမ္မိကာရာမကျောင်းဆရာတော်၊ ရွှေစည်းခုံရွာကျောင်း ဆရာတော်၊ သာစည်ကျောင်းဆရာတော်၊ မင်းရွာကျောင်းဆရာတော်၊ဆင်တလည်ရွာ ရွှေဥမင်ကျောင်းဆရာတော်၊ ကဲဘာရွာ ဇေယျာရွှေမြေကျောင်းဆရာတော်၊ထိန်ကံရွာ ပုဗ္ဗာရုံကျောင်းဆရာတော်၊ ညောင်ခြေထောက်ရွာ မြသိန်းတန်ကျောင်းဆရာတော်၊ ငါးကင်းရွာ ရွှေကျောင်းဆရာတော်၊ အနောက်မင်းရွာ ကံသာကျောင်းဆရာတော်၊ ရွာသာရွာတောရကျောင်းဆရာတော်တို့ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေက အရာတော်မြို့နယ်အတွင်းရှိ ကျေးရွာတွေကို PDF တပ်ဖွဲ့တွေ ရှိတယ်ဆိုပြီး စွပ်စွဲကာ မကြာခဏ ဝင်ရောက်ဖျက်ဆီးမီးရှို့တာတွေပြုလုပ်နေပြီး ကျေးရွာတွေကိုလည်း ပြောင်းပစ်မယ် ခြိမ်းခြောက်ထားတာကြောင့် ဒေသခံတွေ စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီး စိုက်ပျိုးသီးနှံတွေ မရိတ်သိမ်းနိုင် ဖြစ်နေကြတာပါ။
အရာတော်မြို့နယ် သလဲဘာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ကဲဘာရွာနဲ့ ကျောက်ကုန်းကျေးရွာတို့ကို မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၁၀၀ လောက် မီးလောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။