close

ဖရူဆိုမြို့နယ်၌ စစ်တပ်က ပြည်သူ ၃၅ ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည့်အပေါ် ကုလသမဂ္ဂ ရှုတ်ချ

ကယားပြည်နယ်မှာ ကလေးငယ်တယောက် အပါအဝင် လူ ၃၅ ယောက် မီးရှို့သတ်ဖြတ်ခံခဲ့ရတဲ့ အလွန်ဆိုးရွားတဲ့ဖြစ်ရပ်နဲ့ နိုင်ငံတဝန်း အရပ်သားတွေအပေါ် တိုက်ခိုက်မှု အားလုံးကို ရှုတ်ချတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် မာတင်ဂရစ်ဖစ်သ်ပြောပါတယ်။ 

ဒီဇင်ဘာလ ၂၄ ရက်နေ့က ကယားပြည်နယ်မှာ  အရပ်သားတွေအပေါ် တိုက်ခိုက်မှု သတင်းတွေကြောင့် ထိတ်လန့် တုန်လှုပ်မိကြောင်း ဒီလိုလုပ်ရပ် မျိုးတွေကို နိုင်ငံတကာ စာနာမှု ဥပဒေအရ တားမြစ်ထားတယ်လို့လည်း UNOCHA ရုံးက ဒီဇင်ဘာ ၂၆ ရက်စွဲနဲ့ထုတ်ပြန်ပါတယ်။

ခိုင်လုံတဲ့ သတင်းတွေအရ ဖရူဆိုမြို့နယ်အတွင်း ဒီဇင်ဘာ ၂၄ ရက်က အနည်းဆုံး ကလေးငယ်တယောက်  အပါအဝင် လူ ၃၅ ယောက်ကို စစ်ကောင်စီတပ်က  သူတို့ရဲ့ကားတွေပေါ်က ဆင်းခိုင်းပြီး သတ်ဖြတ် မီးရှို့ခဲ့တယ်လို့ သိရကြောင်းနဲ့ ဒီအကြမ်းဖက်လုပ်ရပ်မှာ Save the Children က ဝန်ထမ်း ၂ ဦးလည်း ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မြန်မာစစ်ကောင်စီအနေနဲ့ ကျူးလွန်သူတွေကို မြန်မြန်ဆန်ဆန် ရုံးတင်စစ်ဆေးနိုင်အောင် ဒီဖြစ်ရပ်ကို သေသေချာချာ ပွင့်ပွင့်လင်းလင်း စုံစမ်းစစ်ဆေးမှုတရပ် ချက်ချင်းစတင်ဖို့လည်း ကုလသမဂ္ဂအေဂျင်စီက တောင်းဆိုလိုက်ပါတယ်။ 

အရပ်သားတွေကို ဘေးအန္တရာယ် မကျရောက်အောင် နည်းမျိုးစုံနဲ့ လုပ်ဆောင်ကြဖို့လည်း တောင်းဆိုလိုက်ပါတယ်။ 

ကယားပြည်နယ်တွင်းက ကျေးရွာတခုမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက်အပြီး အားလပ်ရက် နေအိမ်ပြန်ချိန်မှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်နဲ့ ကြုံတွေ့ခဲ့ရတာဖြပြီး အဲဒီဖြစ်စဉ်မှာ ဝန်ထမ်း ၂ ဦး ပျောက်ဆုံးခဲ့ပြီး သူတို့စီးခဲ့တဲ့ မော်တော်ယာဉ်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့  Save the Children ကလည်း ထုတ်ပြန်ထားပါတယ်။

Photo-UN

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up