close

ရွာငံတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရမှုနှင့်ပတ်သက်ပြီး ပြည်သူ ၂၀ ကျော် အဖမ်းခံရ

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရွာငံမြို့နယ် နဘန်းကြီးအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီး ဒေသခံ ၂၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ရွာငံမြို့လမ်းဘေးရှိ သမဝါယမကော်ဖီစက်ရုံဝင်းထဲမှာ ဒီဇင်ဘာ ၂၂ရက်နေ့က နဘန်းကြီးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးလေး သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက် ဒီဇင်ဘာ ၂၄ ရက်နေ့မှာ နဘန်းကြီရွာ တောင်ပိုင်းနေ ကျေးလက်ပြည်သူ ၂၀ ကျော် ဖမ်းဆီးခံခဲ့ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီအင်အားအများအပြားနဲ့ ရွာကို လာတယ်၊ ရွာက ခန်းမထဲမှာ သူတို့ မသင်္ကာတဲ့သူ ၁၅၀ ကျော်လောက် ဖမ်းထည့်တယ်၊ စစ်တယ် မေးတယ်။ အဲဒီထဲကမှ ၂၀ ကျော်ကို ထပ်စစ်စရာရှိတယ်ဆိုပြီး ဖမ်းခေါ်သွားတယ်။ ဘယ်မှာထားမယ်၊ စစ်မယ်ဆိုတာတော့ မသိရဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီခန့် အသက် ၇၀ အရွယ် နဘန်ကြီးအုပ်ချုပ်ရေးမှူး ဦးမျိုးလေးဟာ ထွေအုပ်ဝန်ထမ်း အငြိမ်းစားတစ်ဦးဖြစ်ပြီး ကျေးရွာသမဝါယမမှာလည်း ပါဝင်လုပ်ဆောင်နေသူဖြစ်သလို နဘန်းကြီးသမဝါယမကော်ဖီစက်ရုံမှာ ကူညီပေးနေသူ ဖြစ်တယ်လို့ သိရပါတယ်။

ဦးမျိုလေးအား ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ တပ်ခွဲ(၁)၊ တောင်ကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ(၂)၊ အေးသာယာမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ(၁)၊ ရွှေညောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စတဲ့တပ်ဖွဲ့ ၄ ခု ပူးပေါင်း ပစ်ခတ်ခဲ့တာလို့ ကြေညာထားပါတယ်။

နဘန်းကြီးရွာဟာ ပွေးနဖားရွာ နဲ့ နဘန်းကြီးရွာ ၂ ရွာပေါင်းထားတဲ့ ကျေးရွာအုပ်စု ဖြစ်ပြီး အိမ်ထောင်စု ၁၃၀၀ ကျော်လောက် ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up