close

ကလေးမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်၊ စစ်ဆေးရုံ ဗုံးကွဲ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၂၇ ရက်နေ့မနက် ၃ နာရီဝန်းကျင်က လက်နှက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံတွေ ကြားရပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ၁ ရုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒါ့အပြင် ဒီနေ့ မနက်ပိုင်းကလည်း ကလေးမြို့၊ စစ်ဆေးရုံမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားတွေ သေဆုံးဒဏ်ရာရတာ ရှိတယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ ဒေသခံတဦးက “မနက်အစောကြီး ၃ နာရီလောက်က လက်နက်ကြီးပစ်သံတွေကြားပြီး ၅ နာရီလောက်ကျတော့ မြို့ပေါ်ဆည်မြောင်းရုံးနားက တောင်ဇလပ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မီးလောင်သွားတယ်” လို့ ပြောပါတယ်။

ကလေးမြို့၊ တပ်မတော်ဆေးရုံမှာလည်း ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက် မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားတွေ သေဆုံးဒဏ်ရာရမှုတွေရှိတယ်လို့ သိရပါတယ်။

“၉ နာရီလောက်ဖြစ်မယ်ထင်တယ်။ စစ်ဆေးရုံထဲမှာဗုံးကွဲတယ်။ စစ်– ၇ ဦးထက်မနည်း သေကုန်တယ်လို့တော့ အတွင်းသတင်းကြားထားတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းရှိမှာပေါ့” လို့ မြို့ခံတဦးက ပြောပါတယ်။

အဆိုပါဗုံးခွဲတိုက်ခိုက်မှုကို ဘယ်ဖွဲ့အစည်းက ပြုလုပ်ခဲ့တယ်ဆို တာတော့ ထုတ်ပြန်ကြေညာထားတာ မတွေ့ရှိရသေးပါဘူး။

အုပ်ချုပ်ရေးမှူးရုံး ဘာကြောင့်မီးလောင်ပျက်စီးတယ်ဆိုတာနဲ့ စစ်ဆေးရုံဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သားတွေ သေဆုံး ဒဏ်ရာရရှိမှုအခြေအနေကို သိနိုင်ဖို့ ဒီဗွီဘီက ဆက်လက်စုံစမ်းနေပါတယ်။

အခုရက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေ အရေးနိမ့်နေတဲ့ စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အချို့နဲ့ ကျေးရွာတွေကို အာဏာသိမ်းစစ်ကောင်စီက သာလွန်စစ်သည်အင်အားတွေ၊ လက်နက်ကြီးငယ်တွေအပြင် ရဟတ်ယာဉ်တွေသုံးပြီး ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်နေတဲ့အတွက်ကြောင့် ဒေသခံပြည်သူတွေဟာ နေရပ်စွန့်စွာထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up