ထိုင်းတွင် အိုမီခရွန်ကူးစက်သူ ၅၁၄ ဦးအထိရှိလာ

ထိုင်းနိုင်ငံမှာ ကိုဗစ် ၁၉ ဗီဇမျိုးကွဲ အိုမီခရွန်ကူးစက်ခံရသူအရေအတွက် ၉ ရက်အတွင်း ၅၁၄ ဦးထိ မြင့်တက်လာခဲ့ပါတယ်။
ထိုင်းမှာ ပထမဆုံး အိုမီခရွန်ပိုးကို စပိန်ကနေ လာတဲ့ အမေရိကန်နိုင်ငံသား ၁ ဦးက ဒီဇင်ဘာ ၁၈ ရက်နေ့က စတင်တွေ့ရှိပြီး အဲဒီနောက် နိုင်ငံခြားကဝင်လာ သူတွေရော ပြည်တွင်းကူးစက်မှုတွေပါဖြစ်လာကာ ကနေ့မှာ ၅၁၄ ဦးထိ ခုန်တက်လာတာ ဖြစ်ပါတယ်။
ကူးစက်မှုရဲ့ ၃ ပုံ ၂ ပုံဟာ နိုင်ငံခြားကနေဝင်လာသူတွေဖြစ်ကြောင်း၊ အများဆုံး ကူးစက်မှုဖြစ်စေခဲ့တာကတော့ နိုင်ဂျီးရီးယား နိုင်ငံကနေ ပြန်လာတဲ့ ကာလားဆင်ခရိုင်မှ လင်မယား ၂ ဦးဖြစ်ပြီး သူတို့နှစ်ဦးဟာ တခြားခရိုင်ဆီ ခရီးထွက်တာ၊ ညကလပ်နဲ့ စားသောက်ဆိုင်တွေမှာပါ သွားရောက်ခဲ့တာကြောင့် သူတို့ဆီ ကနေ လူပေါင်း ၁၂၅ ဦးထိ ကူးစက်ခဲ့ပြီး နောက်ထပ် ၉၇ ဦးလည်း စောင့်ကြည့်ခံနေရတယ်လို့ ထိုင်းနိုင်ငံ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေ ကွပ်ကဲရေးဗဟိုကော်မတီ ဒုပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ အဖိစမိုင် ဆီရီရန်းဆန်က ဒီကနေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
ဒုတိယအများဆုံးကူးစက်မှုက ဆော်ဒီအာရေးဗျနိုင်ငံ မက္ကာမြို့မှာ ဘာသာရေးပွဲသွားပြီး ပြန်ဝင်လာသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ အိုမီခရွန်ပိုးတွေ့ရှိတဲ့ ခရိုင်ပေါင်း ၁၀ ခုရှိသွားပြီဖြစ်ပြီး ကာလားဆင် ၊ ခွန်ကဲန် ၊ မဟာဆာရခမ်း၊ လမ်းပွန်း၊ ၊ ဥဒွန်းဌာနီ၊ ပတ္တနီ၊ ၊ ဆူရင်း၊ ဘန်ကောက်၊ ဖူးကက်၊ ကရပိ ခရိုင်တို့ ဖြစ်ပါတယ်။
အိုမီခရွန်ပိုးကူးစက်ခံရသူထံ အများဆုံးတွေ့ရတဲ့ လက္ခဏာကတော့ ချောင်းဆိုးတာဖြစ်ကြောင်း၊ ဒီပိုးဟာ အဆုတ်ထဲကိုမရောက်ခင် လေပြွန်ထဲမှာ ကြာကြာရှိနေကြောင်း၊ ဝေဒနာမပြင်းထန်ပေမဲ့ ပိုးကအဆုတ်ထဲရောက်သွားရင်တော့ ဒယ်လ်တာအမျိုးအစား ကိုဗစ်လိုဘဲ အခြေအနေဆိုးတတ်တယ်လို့ ဆိုပါတယ်။
ပိုးတွေ့သူတွေထဲမှာ ဖိုက်ဇာ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူတွေလည်း ပါတာကြောင့် နှစ်ကြိမ်ထိုးပြီးသူတွေ တတိယတကြိမ်ထပ်ထိုးဖို့လည်း ထိုင်းပြည်သူ့ ကျန်းမာရေးဌာနက တိုက်တွန်းထားပါတယ်။
ထိုင်းနိုင်ငံရဲ့ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေမှာ ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်မှာ ပိုးတွေ့သူအသစ် ၂၄၃၇ ဦး သေဆုံးသူ ၁၈ ဦးရှိပါတယ်။
မနှစ်ကစ ဒီနှစ်ထိ ပိုးကူးစက်ခံရသူပေါင်း ၂၂၁၂၄၀၇ ဦး၊ သက်သာပျောက်ကင်းသူပေါင်း ၂၁၅၆၃၇၃ ဦး သေဆုံးသူပေါင်း ၂၁၅၉၈ ဦး ရှိတယ်လို့ ထိုင်းကိုဗစ်-၁၉ အခြေအနေ စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။