မန်စီးတီးနှင့်ပွဲကို နေအိမ်အခန်းထဲကနေ ချိတ်ဆက်ကူညီသွားမည်ဟု အာဆင်နယ်နည်းပြပြော

ဇန်နဝါရီ ၁ ရက် ဒီကနေ့ညမှာ ကစားမယ့် မန်စီးတီးနဲ့ အိမ်ကွင်းပွဲစဉ်ကို နေအိမ်ကနေ ချိတ်ဆက်ကူညီပေးသွားမယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ပြောပါတယ်။
အာတီတာဟာ ကိုဗစ်ကူးစက်ခံခဲ့ရတာကြောင့် သီးသန့်နေထိုင်နေရပြီး အသင်းနဲ့လိုက်ပါ တာဝန်ယူနိုင်ခြင်းမရှိတော့ပါဘူး။
မန်စီးတီးနဲ့ပွဲမှာ လက်ထောက်နည်းပြ အဲလ်ဘက်စတူဗန်ဘက်ချ်က ကွင်းထဲမှာ တာဝန်ယူကိုင်တွယ်သွားမှာဖြစ်ပြီး အာတီတာက နေအိမ်အခန်းထဲကနေ ချိတ်ဆက်ပြီး ညွှန်ကြားမှုပြုလုပ်သွားမှာပါ။
“ကျနော်တို့ အချင်းချင်းကြားမှာ ချိတ်ဆက်ပြောဆိုနေမှာဖြစ်ပေမဲ့ အဲလ်ဘက်ကို လွတ်လွတ်လပ်လပ်ဆုံးဖြတ်ချက်ချနိုင်ဖို့ ကျနော် အခွင့်အရေးပေးမှာပါ။ အိမ်ကနေ ညွှန်ကြားရတာနဲ့ ကွင်းထဲကနေ ကစားသမားတွေနဲ့ တိုက်ရိုက်ထိတွေ့ပြီး ညွှန်ကြားရတာက မတူညီပါဘူး။ တချို့အခိုက်အတန့်တွေမှာ အသင်းကို ကူညီမှာဖြစ်ပေမယ့် ပွဲအရှိန်နဲ့ ကစားသမားတွေ အခြေအနေကိုလိုက်ပြီး နည်းပြအဖွဲ့ဝင်တွေက ကိုင်တွယ်သွားရမှာဖြစ်တယ်”လို့ အာတီတာက ပြောပါတယ်။
သူ့အနေနဲ့ကတော့ နေအိမ်ကနေ ကြည့်ရတာဆိုပေမယ့် ဆိုဖာပေါ်မှာ ထိုင်နေနိုင်မှာမဟုတ်ဘဲ အခန်းကျယ် တစ်ခုလိုအပ်တယ်လို့ အာတီတာက ပြောသွားပါတယ်။