တောင်ကိုရီးယားနိုင်ငံသားတစ်ဦး မြောက်ကိုရီယားတွင် ခိုလှုံ

တောင်ကိုရီးယားနိုင်ငံသားတယောက် ဇန်နဝါရီ ၁ ရက် ည ၉ နာရီခွဲဝန်းကျင်မှာ ကိုရီးယားနှစ်နိုင်ငံ ပိုင်းခြားထားတဲ့ စစ်ကင်းမဲ့ဇုန် (DMZ) ကို ဖြတ်ပြီး မြောက်ကိုရီးယားဘက်ကို ဝင်ရောက်သွားပါတယ်။
ဒါဟာ ဖြစ်တောင့်ဖြစ်ခဲ ရှားရှားပါးပါး မြောက်ကိုရီးယားဘက်ကို ခိုလှုံဝင်ရောက်သွားမှုပါ။
“လုံခြုံရေးတင်းတင်းကျပ်ကျပ် ချထားတဲ့ စစ်မဲ့ဇုန်ရဲ့ အရှေ့ဘက်ခြမ်းကနေ မြောက်ကိုရီးယားကို ဝင်သွားတာ၊ ဘယ်သူလဲဆိုတာ အတည်မပြုနိုင်သေးပါဘူး၊ အရေးပေါ် ရှာဖွေမှုတွေ လုပ်နေတယ်” လို့ တောင်ကိုရီးယားစစ်ဦးစီးချုပ် ကင်မ်ဂျွန်းပတ်ခ်က ပြောပါတယ်။
ဒါ့အပြင် အဲဒီလူဟာ မြောက်ကိုရီးယားဘက် ကူးပြောင်းသွားပုံရပြီး အသက်ရှင်သေးလားဆိုတာ မပြောနိုင်ဘူးလို့ ဆိုပါတယ်။
သူ့ကို ကာကွယ်စောင့်ရှောက်ပေးဖို့ အရေးပေါ်ဆက်သွယ်ရေးလိုင်းကနေ မြောက်ကိုရီးယားကို အကြောင်းကြားထားတယ်လို့ ပြောပါတယ်။
တရားမဝင်နယ်စပ်ဖြတ်ကျော်တာဟာ တောင်ကိုရီးယားမှာ ကြီးမားတဲ့ပြစ်မှုမြောက်ပါတယ်။
မြောက်ကိုရီးယားက ၂၀၂၀ ခုနှစ် အစောပိုင်းကတည်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမဖြစ်အောင် နယ်စပ်တွေ တင်းတင်းကြပ်ကြပ် ပိတ်ထားတာပါ။
အခု တောင်ကိုရီးယားနိုင်ငံသား စွန့်စားဝင်ရောက်သွားတာ အလွန်အံ့အားသင့်ဖွယ် ဖြစ်နေပါတယ်။