ဆူဒန်စစ်အုပ်ချုပ်ရေးဆန္ဒပြပွဲ လုံခြုံရေးတပ်ဖွဲ့နှိမ်နင်းမှုကြောင့် ၂ ဦး သေဆုံး

ဆူဒန်နိုင်ငံမှာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ ဇန်နဝါရီ ၂ ရက်နေ့ ဆန္ဒပြပွဲတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေ နှိမ်နင်းမှုကြောင့် လူ ၂ ယောက် သေဆုံးတယ်လို့ ဆရာဝန်များကော်မတီက ပြောပါတယ်။
ဒါကြောင့် အောက်တိုဘာ ၂၅ ရက်က စစ်အာဏာသိမ်းပြီးတည်းက ခုထိ ဆန္ဒပြပွဲတွေအတွင်း အသတ်ခံရသူ စုစုပေါင်း ၅၆ ယောက် ရှိပြီလို့ ဆူဒန် ဆရာဝန်များ ဗဟိုကော်မတီက ပြောပါတယ်။
“မြို့တော်ခါတွန်က ဆန္ဒပြပွဲအတွင်း အသက် ၂၀ ကျော်အရွယ် အမျိုးသားဟာ ဦးခေါင်းမှာ ရထားတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးတယ်။ ဥမ်ဒါမန်မြို့က အမျိုးသားကတော့ ရင်ဘတ်က သေနတ်ဒဏ်ရာတွေကြောင့် သေဆုံးတယ်”လို့ ကော်မတီက ပြောပါတယ်။
ဒီသေဆုံးမှုတွေနဲ့ပတ်သက်လို့ လုံခြုံရေးတပ်ဖွဲ့တွေက မှတ်ချက် တစုံတရာ မပေးပါဘူး။
ဆူဒန်နိုင်ငံမှာ အာဏာသိမ်းပြီးတည်းက အကြီးစား ဆန္ဒပြပွဲတွေ ၁၂ ကျော့မြောက် ဆင်နွှဲခဲ့ပြီးပါပြီ။ ဆန္ဒပြသူတွေက သမ္မတနန်းတော်ဆီကို ချီတက်ခဲ့တာကြောင့် ခါတွန်မြို့တော်မှာ လုံခြုံရေး တပ်တွေက ဆန္ဒပြသူတွေကို မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
ဆန္ဒပြပွဲမတိုင်ခင်က မြို့အတွင်း အင်တာနက်နဲ့ ဖုန်းဝန်ဆောင်မှုတွေ ဖြတ်တောက်ခံခဲ့ရပုံရတယ်။ ခါတွန်မြို့တော်နဲ့ တခြားမြို့တွေဆီကို ဆက်သွယ်ထားတဲ့ တံတားအားလုံးကိုလည်း ပိတ်ထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။