close

ဘုတလင်မြို့နယ်၌ ၂ ရက်အတွင်း စစ်ကောင်စီတပ် ၄ ကြိမ်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေဟာ ဇန်နဝါရီလ ၂ ရက်နဲ့ ၃ ရက်နေ့တွေက ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ၄ ကြိမ်ထက်မနည်း တိုက်ခိုက်ခံရတာကြောင့် သေဆုံးဒဏ်ရာရရှိသူ အများအပြားရှိနိုင်တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

People's Guerillas Commando (မြင်းမူ) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ဘီရွန်က “၂ ရက် နေ့က ဘုတလင်မြို့နယ်ထဲက လက်ပံကျေးရွာကိုဝင်လာတဲ့ အင်အား ၁၀၀ လောက်ကို မိုင်းဆွဲလိုက်လို့ အနည်းဆုံး ၈ ကောင် သေတယ်။  နောက်ထပ် ရှော့ဒုံးတွေနဲ့ပစ်လိုက်လို့ ၃  ကောင်ထက်မနည်း သေဆုံးပြီး ၁၀ ကောင် လောက်ဒဏ်ရာရသွားတယ်။ ခင်မွန်ဘက်စုံခွေးခြံထဲကို ရှော့ဒုံး ၃ လုံးနဲ့ထုခဲ့သေးတယ်ဗျ။ အထိအခိုက်တော့မသိရဘူး” လို့ ပြောပါတယ်။ 

ဇန်နဝါရီ ၃ ရက်နေ့မှာ ဘုတလင်မြို့နယ်အတွင်း ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ရှော့ဒုံးတွေနဲ့ ထပ်မံပစ်ခက်တိုက်ခိုက်ခဲ့ပြီး ဆုတ်ခွာခဲ့ရတာကြောင့် ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးဘူးလို့ ဆက်လက်ပြောပြပါတယ်။

စစ်ဆင်ရေးတွေကိုလုပ်ဆောင်ခဲ့တဲ့ ညီနောင်မဟာမိတ် ၇ ဖွဲ့က PDF ရဲဘော်တွေကတော့ အထိခိုက်အကျဆုံးမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရရှိကြတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကနေ သတင်းထုတ်ပြန်ထားတာမရှိသလို အသေးစိတ်သိရှိနိုင်ဖို့ ဒီဗွီဘီက ဆက်လက်စုံစမ်းနေပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ကလည်း မုံရွာမြို့အခြေစိုက်စစ်ကောင်စီရဲ့ အမှတ် ၁၆ ခြေလျင်တပ်ရင်းကို ဒုံး ၂ လုံးနဲ့ပစ်ခတ်တိုက်ခိုက်တာခံရလို့ တပ်တွင်းကအဆောက်အဦအချို့ ထိခိုက်ပျက်ဆီးတာတွေရှိတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up