close

ပခုက္ကူမြို့က လောင်းကစားဝိုင်းကို ဒေသခံ PDF အဖွဲ့ ဝင်ရောက်ရှင်းလင်း

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့၊ မြို့ရှောင်လမ်းအနီးက ခြံတခြံမှာ ရဲနဲ့စစ်တပ်ကို ဆပ်ကြေးပေးလုပ်နေတဲ့ လောင်းကစားဝိုင်းအား ပခုက္ကူဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှစ် ဖွဲ့ပူးပေါင်းပြီး ဝင်ရောက်သိမ်းဆည်းခဲ့တယ်လို့ ဒေသခံ PDF အဖွဲ့တွေဆီက သိရပါတယ်။

လောင်းကစားဝိုင်းအတိုင်းမှာ ရဲတပ်ဖွဲ့ဝင် တစ်ဦး ပါတယ်လို့ သတင်းပေးချက်အရ သွားရောက်ရှင်းလင်းရာမှာ သက်သေအထောက်အထား အခိုင်အလုံမရှိတဲ့အတွက် ရှင်းလင်းမှုမပြုခဲ့ဘဲ လောင်းကစားငွေတွေကိုသာ တော်လှန်ရေးအတွက် သုံးစွဲဖို့ သိမ်းဆည်းခဲ့တယ်လို့ Earth Quake People’s  Defense Force ကထုတ်ပြန်ထားပါတယ်။

လောင်းကစားဝိုင်းကို ဇန်နဝါရီ ၅ ရက်နေ့ ညနေပိုင်းက ရှင်းလင်းခဲ့တာဖြစ်ပြီး ငွေကျပ် ၂၆ သိန်း နဲ့ ကားသော့တွေ သိမ်းဆည်းရမိခဲ့ကာ အရင်ကလည်း လောင်းကစားဝိုင်းတစ်ဝိုင်းကို ဖမ်းဆီးခဲ့ဖူးတယ်လို့ PDF အဖွဲ့က ဇန်နဝါရီလ ၆ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

တိုင်းပြည်ချောက်ထဲကျနေချိန်မှာ အခုလိုလောင်းကစားဝိုင်းတွေ ပြုလုပ်တာကို လက်ခံမှာမဟုတ်ဘူးလို့ သတိပေးတားမြစ်ထားပေမယ့် ဆပ်ကြေးပေးပြီး လောင်းကစားဝိုင်းပြုလုပ်နေတယ်ဆိုတဲ့ သတင်းအရ Young Force (UG) နဲ့ Earth Quake People’s  Defense Force အဖွဲ့တို့က ပူးပေါင်းပြီး ဝင်ရောက်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

ဇန်နဝါရီ ၆ ရက်နေ့မှာ တော်လှန်ရေးစခန်းသစ်တစ်ခု တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ မီးစက်၊ ဆိုလာ၊ ဘက်ထရီအိုးတွေကို မိုင်တဲတာဝါတိုင်က ဖျက်ဆီးရယူခဲ့တယ်လို့လည်း Earth Quake People’s  Defense Force ကထုတ်ပြန်ထားပါတယ်။

“ကျနော်တို့ ထုတ်လုပ်ရေးစခန်းအသစ်တစ်ခုအတွက် လိုအပ်တဲ့ မီးစက်၊ ဆိုလာ၊ ဘတ်ထရီအိုး တွေနဲ့ အခြားလိုအပ်တဲ့အရာတွေကို လှူဒါန်းပေးခဲ့တဲ့ ဘဘကြီး မအေ(-) မင်းအောင်လှိုင်ကို ကျေးဇူးတင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်၊ ကျေးဇူးတင်ပါတယ် မိုင်တဲလ်ကုမ္ပဏီ”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Earth Quake People’s  Defense Force အဖွဲ့အနေနဲ့ ရှေ့ဆက်ပြီး အခုထက်မက လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။ အဲဒီအဖွဲ့မှာ ပခုက္ကူ ပြောက်ကျားတပ်က ရဲဘော်တွေ၊ မြိုင် PDF က ရဲဘော်တွေ ပါဝင်ပြီး  မည်သည့်မြို့နယ်ကိုမှ ကိုယ်စားမပြုဘဲ နေရာအစုံကို တော်လှန်သွားမယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up