close

ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်သော မြန်မာ ၈၀ ကျော် ထပ်မံဖမ်းဆီးခံရ

မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှု၊ စားဝတ်နေရေးကြပ်တည်းမှု၊ အသက်အိုးအိမ်လုံခြုံ မှုမရှိတာကြောင့် ထိုင်းနိုင်ငံထဲကို နေ့စဉ်ဝင်ရောက်နေကြရာမှာ အဖမ်းခံရတာတွေလည်း နေ့တိုင်းလိုရှိနေပါတယ်။ 

ဇန်နဝါရီ ၆ နဲ့ ၇ ရက်အတွင်း  ချင်းမိုင်နဲ့တာ့ခ်ခရိုင်ထဲ တရားမဝင်ဝင်လာတဲ့ မြန်မာအလုပ်သမား ၈၇  ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ 

အဲဒီထဲက ၄၄ ဦးဟာ မနေ့က ချင်းမိုင်ခရိုင် ဖန်မြို့နယ်ထဲကို တောလမ်းကနေ ခြေလျင်လျှောက်ပြီး ဝင်ရောက်လာစဉ် မယ့်ငွန်းအုပ်စု ဝမ်လုံကျေးရွာအနီးမှာ ဖမ်းဆီးခံရတယ်လို့ Marsaipress ထိုင်းသတင်းမှာ ဖော်ပြပါတယ်။  သူတို့နဲ့အတူ လမ်းပြ ၁ ဦးပါ ဖမ်းဆီးခံရပါတယ်။ 

တနေ့တည်းမှာပဲ ချင်းမိုင်ခရိုင် အုမ်းကွယ်မြို့နယ်ထဲမှာလည်း တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ၃၅ ဦး အဖမ်းခံခဲ့ရပါတယ်။  အုမ်းကွယ်မြို့နယ်ရဲ နဲ့ စစ်တပ်ပါတဲ့ ပူးပေါင်းအဖွဲ့ဟာ နယ်မြေထဲမှာ လုံခြုံရေးယူစဉ် ဘန့်ပြိန်းအုပ်စု ဘန့်ယန်းတိုက်လမ်းခွဲမှာ မောင်းနှင်လာတဲ့ ကား ၃ စီးပေါ်က တရားမဝင်လုပ်သားတွေကို ဖမ်းမိခဲ့တာပါ။ 

သူတို့ကို တင်ဆောင်လာတဲ့ ကားသမား နဲ့ လမ်းပြ စုစုပေါင်း ၅ ဦးတို့လည်း ဖမ်းဆီးခံရတယ်လို့  Thai PBS သတင်းမှာ ဖော်ပြပါတယ်။ 

ချင်းမိုင်ခရိုင် ဖန်မြို့နယ်ထဲမှာ ဒီမတိုင်ခင် ဇန်နဝါရီ ၄ ရက်နေ့ကလည်း တရားမဝင် မြန်မာနိုင်ငံသား ၃၄ ဦး မွန့်ပင်အုပ်စု ဘန့်နောင်ဘိုခမ်းရွာ တောအုပ်ထဲမှာ ဖမ်းဆီးခံခဲ့ရပါသေးတယ်။ 

တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲမှာလည်း ဒီကနေ့မနက်က တရားမဝင် ဝင်လာတဲ့ မြန်မာ ၈ ဦး အဖမ်းခံခဲ့ရတယ်လို့ ThaiPBS သတင်းအရ သိရပါတယ်။ 

ကျား ၅ ဦး မ ၃ ဦးပါတဲ့ သူတို့အုပ်စုဟာ သောင်ရင်းမြစ်ကိုဖြတ်ကူးပြီး မယ်တောင်းကျေးရွာအုပ်စု ကမ်းစပ်မှာ လာကြိုမယ့် ဆိုင်ကယ်တွေ စောင့်ဆိုင်းစဉ် ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။ 

လမ်းပြနဲ့ ဆိုင်ကယ်သမားတွေတော့ ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ စစ်ဆေး မေးမြန်းချက်အရ ဘန်ကောက်မှာ အလုပ်သွားလုပ်ဖို့ ပွဲစားခ ၁ ဦးလျှင် ဘတ် ၂၈၀၀၀ စီပေးခဲ့ ရကြောင်း၊ အဆိုပါငွေကို အတိုးနဲ့ချေးငှားလာပြီး ဘန်ကောက်မှာအလုပ်ရပြီးရင် ပွဲစားက လစာ ကနေ ပြန်ဖြတ်ယူဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက သူတို့ ၈ ဦးအပြင် တယ်လီဖုန်း ၅ လုံးနဲ့ ချည်သားရှူးဖိနပ်တစ်ရံကို ပွဲစားတွေ လိုက်လံရှာဖွေဖို့ သဲလွန်စပစ္စည်းအဖြစ် သိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။ 

ကိုးကား -  Maesai Press / Thai PBS 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up