close

လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အမြန်ဆုံး အရေးယူရန် နိုင်ငံတကာကို KNPP တိုက်တွန်း

ကယား(ကရင်နီ) ပြည်နယ်မှာ အပြစ်မဲ့ပြည်လူထုတွေကို စစ်ကောင်စီက တိုက်လေယာဉ်တွေ၊ စစ်ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့အပေါ်  နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အမြန်ဆုံး အရေးယူဆောင်ရွက်ဖို့နဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်လုံခြုံရေးအတွက် အမြန်ဆုံး ကူညီဆောင်ရွက်ပေးဖို့ ကရင်နီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က တိုက်တွန်း တောင်းဆိုပါတယ်။

ဇန်နဝါရီ ၈ ရက်မှာ ထုတ်ပြန်တဲ့ ကေအန်ပီပီရဲ့ အရေးပေါ် ထုတ်ပြန်ချက်မှာ အခုလို တောင်းဆိုတာဖြစ်ပြီး လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်အတွင်း စစ်ကောင်စီက ဇန်နဝါရီ ၇ ရက် မနက်ပိုင်းကစပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်လိုက်မှုကြောင့် နေအိမ်တွေပေါ်ကျပြီး အပြစ်မဲ့ ပြည်သူ ၆ ဦးသေဆုံးခဲ့ရကြောင်း ဖော်ပြပါတယ်။

ဒါ့အပြင် ပြည်သူတွေ ရပ်ကွက်အတွင်း ပိတ်မိနေခဲ့ပြီး စစ်ကောင်စီက မြင်မြင်သမျှ မည်သူမဆို ပစ်ခတ်သတ်ဖြတ်နေတာကြောင့် ပြည်သူလူထုလွတ်မြောက်ရေးအတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရကြောင်း ဖော်ပြပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၇ ရက်က ထိုင်း၊ ကရင်နီနယ်စပ်မှာလည်း စစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့  ကရင်နီထိန်းချုပ်နယ်အတွင်း ခိုလှုံနေတဲ့ စစ်ရှောင်စခန်းမှ ဒုက္ခသည် ၁၂၀၀ ကျော်လည်း နယ်စပ်ဖြတ်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ၂၀၀ လောက် နယ်စပ်ကို ဖြတ်ကျော်နိုင်ခြင်းမရှိသေးဘူးလို့  KNPP ထုတ်ပြန်ချက်အရ သိရပါတယ်။ 

ဇန်နဝါရီ ၆ ရက်နေ့မှာစတင်တဲ့ လွိုင်ကော်မြို့ပေါ် တိုက်ပွဲနဲ့ လေကြောင်း သုံးတိုက်ခိုက်မှုကြောင့် ပြည်သူ ၄ သောင်းခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပရဟိတ ကူညီကယ်ဆယ်ပေးသူတွေဆီက သိရပါတယ်။ 

အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ အခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားကြောင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီး ၂၀၂၂ နှစ်ကုန်အထိ ထပ်မံတိုးမြှင့်သွားမယ်လို့ မြန်မာနိုင်ငံကို လာရောက်တဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ တွေ့ဆုံစဉ် ပြောကြားထားပါတယ်။

စစ်ခေါင်းဆောင်က တဖက်မှာ အပစ်ရပ်တယ်လို့ ပြောနေပေမဲ့ စစ်ကောင်စီတပ်တွေကတော့ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ  အပြင်းအထန် ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up